ဇီးပြားရဲစခန်းတိုက်ပွဲ နှစ်ဘက်သေဆုံးမှု ၅၀ ကျော်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာရဲစခန်းနဲ့ ပျူစောထီးတွေကို ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက စီးနင်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး နှစ်ဘက်ထိခိုက်ကျဆုံးသူ များပြားတယ်လို့  မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။  

အဲ့ဒီစခန်းကို နိုဝင်ဘာလ ၁၀ ရက်ကစတင်ကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်မှာ စခန်းသိမ်းနိုင်ခဲ့ရာ စစ်အုပ်စုဘက်က ၃၀ ဦးကျော်ခန့် သေပြီး အများအပြားဒဏ်ရာရသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း တိုက်ခိုက်ရေးရဲဘော် ၂၁ ဦး ကျဆုံးခဲ့ပြီး စစ်အုပ်စုဘက်က သတ်လို့ ပြည်သူ ၆ ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီဘက်က Mi – 35 နဲ့  လေကြောင်းပစ်ကူ ၃ ကြိမ်လာရောက်ကာ  Rocket တွေ၊ စက်လက်တွေနဲ့ပစ်ခတ်ခဲ့ပြီး ပေါက်မြို့နယ် ကပစ ၂၄ ကလည်း ၁၂၀ မမ လက်နက်ကြီးပစ်ကူ အကြိမ်ရေ ရာဂဏန်းအထိ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဇီးပြားရွာစခန်းကို တိုက်ခိုက်နေချိန်မှာပဲ မြိုင်မြို့ပေါ်က အထိုင်စခန်းတွေ၊ တွင်းမပျူစောထီးစခန်း၊ သရက်ကန်ပျူစောထီးစခန်း ကန်နီပျူစောထီးရွာ၊ ကိုင်းတောမရဲစခန်း နဲ့ ပခုက္ကူတပ်မ ၁၀၁ တို့ကို  တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးတွေ၊ Drone တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဇီးပြားရွာရဲစခန်းကို တိုက်ခိုက်ရာမှာ ရှေ့ထွက်မိုင်း ၅ လုံး၊ လက်ပစ် ၈ လုံး သိမ်းဆည်းရရှိခဲ့ပြီး အဲဒီတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁၊ ၂ နဲ့ ပေါက်ကျေးရွာ ပကဖ တပ်ဖွဲ့များ၊ YRF (ပေါက်)၊ Earthquake Defence Force၊ တောင်ညိုနဂါးတပ်ဖွဲ့၊ Royal 7 တပ်ဖွဲ့တို့ပူးပေါင်းခဲ့တာလို့ သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #မြေလတ်အသံသတင်း #ရုပ်သံသတင်း #ပေါက်မြို့နယ် #ဇီးပြားရဲစခန်း #ပျူစောထီး #ပကဖ #ဒေသကာကွယ်ရေးတပ်ဖွဲ့ #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10