ဇီးဖြူကုန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံး လေကြောင်းပစ်ကူလို့ စခန်းမသိမ်းနိုင်ခဲ့ဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ တပ်စွဲထားပြီး အင်အား ၂၅၀ လောက်ရှိတဲ့စစ်ကောင်စီတပ်တွေနဲ့ ဇွန်လ ၂ ရက်ကနေ ၄ ရက်နေ့အထိ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဇွန်လ ၂ ရက် မနက် ၄ နာရီ ၁၄ မိနစ်ကနေ စတင်တိုက်ခိုက်ခဲ့ပြီး ၄ ရက်နေ့ညအထိ နေ့ရောညပါ ၃ ရက်တာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်သလို ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်မှုမှာတော့ တူမီးသေနတ်တွေနဲ့ တိုက်ခိုက်ခဲ့ရတယ်လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ စစ်ကြောင်းမှူးက ပြောပါတယ်။

"ရွာထဲကို ကျနော်တို့ စစ်ကြောင်းဝင်တဲ့အချိန်မှာ အမျိုးမျိုးအခက်အခဲတွေရှိခဲ့တယ်၊ အဲ့ဒီနေ့က စခန်းသိမ်း Mission လည်းဖြစ်တဲ့အတွက် မိုးတွေကတအားရွာနေတာကြောင့် တော်တော်လေးအခက်အခဲဖြစ်ခဲ့တယ်၊ ဒီ Mission က တူမီးနဲ့စခန်းကို ဝင်သိမ်းခဲ့ကြတာ၊ ဂန်းသမားတွေ လက်နက်ကြီးသမားတွေက ဘေးကဝန်းရံပေးကြတယ်" လို့ ဆိုပါတယ်။

ကျနော်တို့မှာ လက်နက်အင်အားမပြည့်စုံလို့ တူမီးနဲ့ သက်သေပြလိုက်တာပါ၊ လက်နက်ကြီးနဲ့ အပြင်ကပစ်ခတ်တယ်၊ ရွာထဲကိုဝင်တိုက်တဲ့အဖွဲ့က အန္တရာယ်ကင်းမဲ့နေရာမှာ နေရာယူပြီး လက်နက်ကြီးနဲ့အရင်ဆုံး စစ်မျက်နှာစာ ဖွင့်ခဲ့တာလို့ ဆက်ပြောပါတယ်။

၃ ရက်နေ့ တိုက်ပွဲမှာ ရွာထဲကို ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်ချိန် မိုင်းနင်းမိပြီး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တချို့လည်းရှိတဘ်လို့ သိရပါတယ်။ 

ဇွန်လ ၄ ရက်မှာ စခန်းကိုဝင်စီးချိန် စစ်ကောင်စီဘက်က တိုက်လေယာဉ် ၂ စီးနဲ့ လာပစ်လို့ စခန်းမသိမ်းနိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာလာရတယ်လို့ စစ်ကြောင်းမှူးက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့၊ Chindwin Toe Na Yar PDF၊ ယင်းမာပင်တပ်ရင်း၂၉၊ Myanmar National Armed Force - MNAF၊ Special 7 Attacks Force - MSAF၊ ဗျတ္တညီနောင်၊ Jungle Hunter Revolutionary Force၊ စွန်ရဲ၊ CGRF၊ ShreToe ခရိုင်တပ်ရင်း ၃၁ ဘဂျမ်း၊ CRA တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပုလဲ #ဇီဖြူကုန်း #တိုက်ပွဲ #စစ်ကောင်စီ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10