ဇူလိုင်လအတွင်း ဗိုလ်မှူး ၂ ဦးအပါ ၅၄ ဦး အလင်းဝင်ပြီး သေနတ် ၂၂ လက်ရ

ဇူလိုင်လအတွင်း ဗိုလ်မှူး ၂ ဦးအပါ ၅၄ ဦး အလင်းဝင်ပြီး သေနတ် ၂၂ လက်ရ

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေဆီကို ဇူလိုင်လ ၁ လ အတွင်း လက်နက်ချအလင်းဝင်လာတဲ့ ရဲနဲ့စစ်သား ၅၄ ဦး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာသူတွေထဲမှာ ဗိုလ်မှူးအဆင့် ၂ ဦးနဲ့ ဗိုလ်ကြီးအဆင့် ၅ ဦးပါဝင်ပြီး လက်နက်မျိုးစုံ ၂၂ လက်နဲ့ စစ်လက်နက် ဆက်စပ်ပစ္စည်းတွေလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“အထဲမှာနေရတာ သူတို့ထားသလို သူတို့ ခိုင်းသလိုနေရတယ်၊ လွတ်လပ်ခွင့်ဆိုတဲ့အရာကို ဘာမှမသိရဘူး၊ အပြင်မှာ ဘာတွေဖြစ်နေလဲ လုံးဝမသိရဘူး၊ (အလင်းဝင်လာတာ)အဲ့ဒါမျိုးတွေကြောင့်လည်း ပါတယ်။”လို့ အလင်းဝင်လာတဲ့ ရဲတပ်သားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒီအရေအတွက်ဟာ NUG ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေဆီကို အလင်းဝင်ရောက်သူတွေသာဖြစ်ပြီး အခြားနီးစပ်ရာကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေဆီကို အလင်းဝင်ရောက်ခဲ့သူတွေရှိလည်းရှိကာ အဲ့ဒီအရေအတွက်တွေကိုတော့ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။   

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကြေညာပြီးနောက် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူတွေ၊ ပြည်သူ့ဘက် ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်သားတွေအနေနဲ့  ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်အလင်းဝင်တာ၊  နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်အလင်းဝင်တာတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေဆီ ဆက်သွယ်ကာ အလင်းဝင်လာသူ ဗိုလ်မှူး ၁ ဦးအပါအဝင် ရဲနဲ့ စစ်သား ၄၃ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#NUG #MOD #အလင်းဝင် #စစ်ကောင်စီ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10