ဈေးဝယ်ထွက်လာတဲ့ ရဲအုပ်စုကားကို PDF က စောင့်ကြိုပစ်ခတ်လို့ ဒုရဲအုပ်အပါ ၆ ဦးသေ၊ သေနတ် ၆ လက်ရ

ဈေးဝယ်ထွက်လာတဲ့ ရဲအုပ်စုကားကို PDF က စောင့်ကြိုပစ်ခတ်လို့ ဒုရဲအုပ်အပါ ၆ ဦးသေ၊ သေနတ် ၆ လက်ရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဈေးဝယ်ထွက်လာတဲ့ ရဲတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ၆ ဦးသေကာ သေနတ် ၆ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

မေ ၁၇ ရက် မနေ့မနက် ၆ နာရီဝန်းကျင်က ရွှေတောင်ဦး၊ သီတဂူဘုန်းကြီးကျောင်းကနေ ပရိုဘောက်ကားနဲ့ထွက်လာချိန် မုံရွာ-ပုသိမ်လမ်းဆုံ၊ ရွှေတောင်ဦးကုန်းအနီးမှာ အလစ်အငိုက်ဝင်ပစ်ခဲ့တာဖြစ်ပြီး ကားပေါ်ပါလာတဲ့ ရဲ ၆ ဦးစလုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ သူတို့ဘက်က ပစ်ချိန်တော့မရဘူး။ ကားပေါ်မှာလည်း သေတယ်၊ ကားကိုရပ်ပြီး ထွက်ပြေးကြတာကို နောက်ကနေလိုက်ပစ်တာမှာ **ကတော့ အကုန်လစ်တယ်။ စစ်ကူလာဖို့ အရမ်းလွယ်လွန်းနေလို့ ပစ်ပြီး ပစ္စည်းကောက်ပြီး တန်းဆုတ်လာရတာပါ” လို့ ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုရဲ့တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲတပ်သားတွေ‌ကိုင်ဆောင်တဲ့ BA 63 မောင်းပြန်ရိုင်ဖယ် ၃ လက်၊ BA 94 ၁ လက် အပါအဝင် သေနတ် ၆ လက်၊ ကျည်ဘောက် ၉ ခု၊ ကျည်ဆန်တွေနဲ့ ဖုန်း ၁ လုံး သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း ယင်းမာပင်မြို့နယ်၊ အောင်ဇေယျရဲကင်းစခန်းက စခန်းမှူး ဒုရဲအုပ် ရဲဌေးဦးနဲ့ ရဲတပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့လည်း စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားကြပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ချိုမိုင်မိုင်ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစုနဲ့ နဂါးညီနောင်အထူးတပ်ဖွဲ့  ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ယင်းမာပင် #ရဲတပ်ဖွဲ့ #ပစ်ခတ်ခံရ #သေဆုံး #သေနတ် #သိမ်းဆည်းရမိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10