ညကင်းစောင့်နေတဲ့ ပျူစောထီးအဖွဲ့ ပစ်ခတ်ခံရလို့ ရာအိမ်မှူးအပါ ၃ ဦးသေဆုံး

ညကင်းစောင့်နေတဲ့ ပျူစောထီးအဖွဲ့ ပစ်ခတ်ခံရလို့ ရာအိမ်မှူးအပါ ၃ ဦးသေဆုံး

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ လက်ပန်ကျေးရွာမှာ ညကင်းစောင့်နေတဲ့ စစ်တပ်လက်အောက် ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့ ပစ်ခတ်ခံရလို့ ၃ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၂၂ ရက် မနေ့ည ၁၀ နာရီခွဲခန့်မှာ လက်ပန်ကျေးရွာ ပျူစောထီးအဖွဲ့ဝင် ရာအိမ်မှူး ဦးမျိုးမြင့် အောင် ဦးဆောင်ပြီး အင်အား ၈ ဦးခန့်နဲ့ ကျေးရွာတောင်ဘက်ခြမ်းမှာ ကင်းစောင့်နေချိန် လက်နက်ကိုင်အဖွဲ့တခုက လာရောက်ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

" လာပစ်သွားတာကတော့ အချိန်နာရီဝက်လောက်တောင်မကြာဘူး။ ကင်းစောင့်နေတဲ့ အဖွဲ့တွေထဲက ကျန်တဲ့သူတွေက ထွက်ပြေးကြတာ။ ၃ ဦးတော့ သေကျန်ခဲ့တယ်"လို့ ကျောက်ဆည်နယ်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကင်းစောင့်ပျူအဖွဲ့ပစ်ခတ်ခံရလို့ အသက် ၄၂ နှစ် အရွယ်ရှိ ရာအိမ်မှူး  ဦးမျိုးမြင့်အောင်နဲ့  ကြံခိုင်ရေးပါတီဝင် ဦးကိုအောင် ၄၂ နှစ်၊ အသက် ၅၆ နှစ်ရှိ ကုန်းကျယ်ကျေးရွာမူလတန်းကျောင်းအုပ် ဦးဆန်းဦးတို့မှာ နေရာမှာပဲ ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ သိရပါတယ်။

“ ကုန်းကျယ်ကျောင်းအုပ်က အဲ့ဒီနေရာကို ဘာလာလုပ်နေတယ်တော့ မသိဘူး။ သူပါရောပြီး အပစ်ခံရပြီး သေသွားတာ” လို့ အဆိုပါဒေသခံက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ညပိုင်းအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဘက်က လာရောက်စစ်ဆေးတာမျိုးမရှိဘဲ ဒီဇင်ဘာ ၂၃ ရက် ဒီကနေ့ မနက်ပိုင်းမှ လာရောက်စစ်ဆေးမှုတွေလုပ်သွားတယ်လို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေဘက်က သတင်းထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

ကျောက်ဆည်မြို့နယ်ထဲက ပျူစောထီးအားကောင်းတဲ့ကျေးရွာတွေမှာ ၂၀၂၃ နှစ်စပိုင်းက စတင်ပြီး ကျေးရွာတွေမှာ ရွာသားတွေနဲ့ပျူစောထီးအဖွဲ့တွေပူးပေါင်းပြီး ညကင်းတွေစောင့်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #ကျောက်ဆည် #ပျူစောထီး #ပြည်သူ့စစ် #ညကင်းစောင့် #ပစ်ခတ်ခံရ #၃ဦးသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10