ညောင်ခါးရှည် စစ်ဆေးရေးဂိတ် အမြန်ဖြတ်ကြေး ကျပ် ၅၀,၀၀၀ အထိပေးရ

ညောင်ခါးရှည် စစ်ဆေးရေးဂိတ် အမြန်ဖြတ်ကြေး ကျပ် ၅၀,၀၀၀ အထိပေးရ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဥ်တွေ ဂိတ်အမြန်ဖြတ်ရဖို့ ကျပ် ၅၀,၀၀၀ ထိ စျေးပေါက်နေတယ်လို့ ကုန်တင်ယာဥ်မောင်းတွေထံက သိရပါတယ်။

အခုနိုဝင်ဘာလအတွင်း ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ ယာဥ်အသွားအလာတွေကို ပြန်လည်တင်းကျပ်စစ်ဆေးနေလို့ ကုန်တင်ကားအရေအတွက် ရာချီဟာ နေ့စဥ်နီးပါး ပိတ်ဆို့နေတာကြောင့် အမြန်ဖြတ်လိုသူတွေကို စစ်ကောင်စီနဲ့ယာဥ်ထိန်းတွေက ငွေတောင်းယူပြီး လမ်းရှင်းပေးနေတယ်လို့ဆိုပါတယ်။

"စျေးကတော့ ၄၀,၀၀၀နဲ့ ၅၀,၀၀၀ ကြားပေါက်နေတယ်လို့ သိရတယ်။ အလျင်လိုတဲ့သူတွေက ဖြတ်ဖို့အစီးရေ များရင်တော့ စျေးလျော့ပေးတယ်။ ပေးနိုင်တဲ့သူတွေကတော့ အချိန်ကုန်မခံဘဲဖြတ်ကြတယ်။ ကားတွေကများတော့ ညအိပ်စောင့်ရတာများတယ်" လို့ ကုန်တင်ယာဥ်မောင်းတဦးက ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေနေတွေအရ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်အပါအဝင် ဝေါမြို့နယ်ထဲက စစ်ကောင်စီစခန်းတွေကို PDF တွေဘက်က လာရောက်တိုက်ခိုက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အစစ်ဆေးတင်းကျပ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ညောင်ခါးရှည်စစ်ရေးရေးဂိတ်မှာ ခရီးသည်တင်ယာဥ်နဲ့ အိမ်စီးကားတွေကို ပုံမှန်သာစစ်ဆေးပြီး ကုန်တင်ယာဥ်တွေကိုတော့ အသေးစိတ်စစ်တာများလို့ ကုန်တင်ယာဥ်တွေဟာ ညအိပ်စောင့်ပြီးမှ ဖြတ်ရတဲ့အခြေနေရှိနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ကုန်တင်ယာဥ်တွေကို စစ်ဆေးရာမှာ မွန်ပြည်နယ်ဘက်ကနေ ပဲခူးဘက်ကို ဖြတ်မယ့်ယာဥ်တွေကိုသာ အစစ်ဆေးတင်းကြပ်ထားတာဖြစ်ပြီး ပဲခူးဘက်ကနေ မွန်ပြည်နယ်ဘက်ကို ဖြတ်မယ့်ကုန်တင်ယာဥ်တွေကိုတော့ စစ်ဆေးတာ မရှိဘူးလို့ သိရပါတယ်။

 

တခါတရံ ကုန်တင်ယာဥ်ကြီးတွေများပြီး လမ်းပိတ်နေတာတွေကြောင့် အိမ်စီးကားငယ်၊ လူနာတင်ယာဥ်တွေနဲ့ ခရီးသည်တင်ယာဥ်တွေပါ နာရီပေါင်းများစွာ စောင့်ဆိုင်းပြီးမှ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းကြရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဝေါမြို့ #ညောင်ခါးရှည် #မော်လမြိုင် #စစ်ဆေးရေးဂိတ် #ဂိတ်ကြေး #စစ်ကောင်စီ #တောင်းခံ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10