သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်တွေက ဒေသခံ ၅၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ရာ အခုဆိုရင် စစ်ကြောရေးမှာသေဆုံးသူဟာ ၅ ဦးထိရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 
ဇွန်လ ၁၆ ရက်မှာ သေဆုံးသူ ၅ ဦးရဲ့ မိသားစုဝင်တွေကို နာရေးလုပ်လို့ရပြီဖြစ်တယ်လို့ ရဲဘက်ကအကြောင်း ကြားလာတယ်လို့ ဆိုပါတယ်။
သေဆုံးသူ ၅ ဦးအနက် ကျုံးပါကျေးရွာက ကိုအောင်မြင့်သိန်း အလောင်းကိုသာ မိသားစုက ဆေးရုံမှာသွားရောက်ကြည့်ရှုခွင့်ရခဲ့ပြီး ကျန် ၄ ဦးဟာ ဘယ်နေ့မှာ သေဆုံးတယ်ဆိုတာ အတိအကျမသိရဘဲ မနေ့ကမှ နာရေးလုပ်လို့ရပြီဖြစ်ကြောင်းကို မိသားစုဝင်တွေထံ အကြောင်းကြားလာတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 
"ခုက ရဲဘက်က သေဆုံးတယ်ဆိုတာ အတည်ပြုပေးလိုက်တဲ့ သဘောပါ။ သေဆုံးသူတွေထဲကမှာ တယောက်ပဲ မိသားစုဝင်တွေက ဆေးရုံမှာ အလောင်းသွားကြည့်ရတယ်။ ကျန်သူတွေက အလောင်းလည်း မမြင်ရဘူး။ ဘယ်နေ့မှာ ဘယ်လိုဆုံးသွားတယ်ဆိုတာလဲ မသိရဘူး"လို့ ဒေသခံတဦးက ပြောပြပါတယ်။
သေဆုံးသူတွေဟာ ဖိုးစပါယ်ကျေးရွာက ဦးဝင်းဇော်ဌေး ၃၅ နှစ်၊ ဇနီးဖြစ်သူ ဒေါ်တင်မျိုးခိုင် ၃၈ နှစ်၊ ကိုဆံရှည် ၃၀ နှစ်၊ ကျုံပါကျေးရွာက ကိုအောင်မြင့်သိန်း ၃၀ နှစ်နဲ့ ဦးမြသိန်း ၆၀ နှစ်တို့ဖြစ်ပါတယ်။ 
အဆိုပါ သေဆုံးသူတွေဟာ ညောင်ခါးရှည် ရဲစခန်း တိုက်ခိုက်ခံရပြီး ၅ ရက်အတွင်း ဖမ်းဆီးခံရသူတွေဖြစ်ပါ တယ်။
ဦးမြသိန်းကတော့ သေနတ်ဒဏ်ရာနဲ့ ဖမ်းဆီးခံရပြီး ၅ ရက်ခန့်မှာ သေဆုံးသွားပြီး မိသားစုဘက်က အလောင်းပြန်မရဘူးလို့ သိရပါတယ်။
ကိုအောင်မြင့်သိန်းကတော့ စစ်ကောင်စီဘက်က နှိပ်စက်မှုကြောင့် လက်နဲ့ခြေထောက်တွေမှာ ကျိုးကြေဒဏ်ရာ၊ မျက်နှာနဲ့ ခန္ဓာကိုယ်တခုလုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးခဲ့ရပြီး မေလ ၂၂ ရက်မှာ အလောင်းကို ပဲခူးဆေးရုံမှာပဲ မိသားစုကြည့်ခွင့်ရခဲ့ကာ အလောင်းပြန်မရဘူးလို့ သိရပါတယ်။ 
ကျန်သူ ၄ ဦးကတော့ ဘယ်နေ့ဘယ်ရက်မှာ ဘယ်လိုသေဆုံးသွားတယ်ဆိုတာကို မသိရဘဲ ရဲဘက်ကလည်း ပြောပြမသွားဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲက ၂၀ ဦးကျော်ကတော့ ပြန်လွှတ်လာခဲ့ပြီး ၂၀ ဦးခန့်က ရုံးတင်တရားစွဲ ရုံးထုတ်နေပေမယ့် ၄ ဦးကတော့ ပြန်လွတ်လာတာလည်း မတွေ့ရသလို ရုံးထုတ်မှာလည်း မတွေ့ရဘဲပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ 
ပျောက်ဆုံးသူနေ ၄ ဦးက ကဒွတ်ရွာက ၂ ဦးနဲ့ ညောင်ခါးရှည်ရွာက ၂ ဦးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရသူတွေထဲက လူ ၆ ဦးပိုင်ဆိုင်တဲ့ ကဒွတ်ရွာ နေအိမ် ၂ လုံး၊  ဖိုးစပါယ်ရွာက နေအိမ် ၂ လုံးနဲ့  ကျုံပါရွာက နေအိမ် ၂ လုံး စုစုပေါင်း ၆ လုံးကို စစ်ကောင်စီဘက်က ချိတ်ပိတ်ထားပါတယ်။
ဧပြီလ ၂၇ ရက် ည ၇ နာရီလောက်မှာ ညောင်ခါးရှည်ရဲစခန်းကို ဝေါပကဖ တပ်ရင်း (၃၇၀၁)ပြောက်ကျား အဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့လို့ ရဲ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်းဒေသကြီး #ဝေါမြို့နယ် #ညောင်ခါးရှည်ရဲစခန်း #စစ်ကြောရေး
Share Share Share