ညောင်တဲရွာသား ၁ ဦးကိုသတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မိးရှို့

ညောင်တဲရွာသား ၁ ဦးကိုသတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မိးရှို့

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ညောင်ပင်တဲကျေးရွာသား ၁ ဦးကို စစ်ကောင်စီ စစ်ကြောင်းကသတ်ပြီး နေအိမ် ၁၀၀ ကျော်ကိုပါ မီးရှို့သွားတယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ဒီဇင်ဘာ ၂၁ ရက်မနေ့ကနေ့လယ်ပိုင်းမှာ ညောင်ပင်တဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်သားအင်အား ၁၀၀ လောက်က ရွာကနေထွက်ချိန် ဖမ်းဆီးခံထားရတဲ့ အသက် ၅၅ နှစ်အရွယ် ဦးဇော်ဝင်းကိုသတ်ပြီး နေအိမ်တွေကိုပါ မီးရှို့သွားတာလို့ ဆိုပါတယ်​။ 

"ဦးဇော်ဝင်းက ရှေ့ရက်ကတည်းက စကစ ဖမ်းဆီးတာ ခံလိုက်ရတယ်။ စကစ စစ်ကြောင်းတွေ ရွာကနေ ထွက်ပြီလားသိရအောင် သွားကြည့်ရင်းနဲ့ ဖမ်းခံလိုက်ရတာ။ ရွာက အိမ်တွေကိုတော့ ရှေ့ရက်တွေကတည်းက မီးရှို့တာ။ မနေ့က ပြန်အထွက်မှာတော့ တော်တော်များများကို ရှို့သွားတာ"လို့  ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဖီးနစ်ကပြောပါတယ်။ 

ဒါ့အပြင်စစ်ကောင်စီအဖွဲ့ဟာ ရွာကထွက်ချိန် ဒေသခံတွေအသုံးပြုနေတဲ့ ရေစက်၊ မီးစက်တွေ၊ စပါးတင်း ၂၀၀၀ နီးပါးနဲ့ မြေဩဇာအိတ်တွေကို ဖျက်ဆီးခဲ့တဲ့အပြင် ကျွဲနွား ၁၀ ကောင်ထက်မနည်းကို သတ်ဖြတ်ထားပြီး အသားတွေကို ယူဆောင်သွားတယ်လို့ သိရပါတယ်။ 

ညောင်ပင်တဲကျေးရွာမှာ အိမ်ခြေ ၂၅၀ ရှိပြီး စစ်အုပ်စုကမီးရှို့လို့ အိမ်​ခြေ ၁၁၈ လုံး မီးလောင်ပျက်စီးသွားခဲ့ကာ ဒေသခံ ၁၀၀၀ ကျော်လည်း ရွာကနေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

အဲ့ဒီစစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်ကတည်းက ချောင်းဦးမြို့ကထွက်လာပြီး ညောင်ပင်တဲနဲ့ ရှမ်းစုကျေးရွာတွေမှာ တပ်စွဲနေရာကနေ ပျူစောထီးအများရှိတဲ့ ကင်မွန်းတော်ရွာကို ရိက္ခာပို့နေတဲ့အဖွဲ့ဖြစ်တယ်လို့ ကိုဖီးနစ်ကပြောပါတယ်။ 

Data For Myanmar အဖွဲ့ရဲ့ ဒီဇင်ဘာ ၁၃ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း အရပ်သားနေအိမ် ၇၇၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #ဒေသခံသတ် #နေအိမ်မီးရှို့ #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10