ညောင်ပင်ကြီးရှိ လူနေအိမ် ၁,၀၀၀ ကျော်ကို စစ်ကောင်စီက အကုန်မီးရှို့ဖျက်ဆီး

ညောင်ပင်ကြီးရှိ လူနေအိမ် ၁,၀၀၀ ကျော်ကို စစ်ကောင်စီက အကုန်မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးအုပ်စုအတွင်းရှိ လူနေအိမ် ၁,၀၀၀ ကျော်ကို အာဏာသိမ်း စစ်ကောင်စီက ဇွန်လ ၉ ရက်ကနေ ဇွန် ၂၄ ရက်အထိ ဆက်တိုက်မီးရှို့ဖျက်ဆီးနေရာ လက်ရှိအချိန်ထိ လူနေအိမ် ၇၀၀ ကျော်ခန့် မီးလောင်ပျက်စီးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ 

ညောင်ပင်ကြီးကျေးရွာဟာ ကျေးရွာ၊ ရပ်ကွက်တွေနဲ့ဖွဲ့စည်းထားတဲ့ ကျေးရွာကြီးတခုဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ညောင်ပင်ကြီးအပါအဝင် အိုမ၊ ထန်းတော၊ ထန်းတောကြီး၊ ရွာရှည်၊ ရုံးပင်ရိုး၊ ပလောင်၊ ဝက်မှေး၊ ကံတော်၊ နှင်းတော၊ သိမ်တော်၊ အမှတ် ၃၊ အောင်ချမ်းစည်၊ ရွှေအင်းလေး စတဲ့ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာဖြစ်ပြီး ပြည်သူ ၅,၀၀၀ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ဇွန် ၂၄ ရက် ဒီနေ့ မနက် ၉ နာရီလောက်မှာတော့ စစ်ကောင်စီတပ်တွေဟာ နှင်းတော၊ ရွှေအင်းလေး၊ သိမ်တော်၊ ထန်းတောစတဲ့ ရပ်ကွက် ၄ ခုကို ၁၆ ရက်မြောက်နေ့အဖြစ် ဆက်လက်မီးရှို့နေတာဖြစ်ပါတယ်။ 

“စရှို့တဲ့နေ့တောင် မေ့နေပြီ၊ ပွဲဖြစ်တဲ့နေ့ကနေ ဒီနေ့ထိပါပဲ ရှို့နေကြတာ။ ကြားထဲမှာ ၃ ရက်လောက် မရှို့ဘဲထားသေးတယ်။ ဒီနေ့မှ ကနဦးပြန်ရှို့တာ၊ သူတို့စရှို့တုန်းက မလောင်ဘဲကျန်ခဲ့တဲ့ အကျန်တွေကို ထပ်ရှို့တာနေမှာ” လို့ ဆားလင်းကြီးဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေကိုလည်း  စစ်ကောင်စီတပ်သားတွေက လိုက်လံပစ်ခတ်တာတွေလုပ်နေလို့ ထန်းတောကြီးရွာက ပြည်သူတချို့ ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ညောင်ပင်ကြီးရွာနဲ့ နီးစပ်ရာရွာတွေက ပြည်သူ  ၂၀ နီးပါးကိုလည်း ရဲစခန်းထဲမှာ ဖမ်းဆီးထားပြီး စခန်းပြန်လည်တည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေမှာ အသုံးပြုနေကာ အခုချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေဟာ ညောင်ပင်ကြီးရဲစခန်းကို ပြန်လည်တည်ဆောက်နေပြီး စခန်းဝန်းကျင်ရှိ လူနေအိမ်တွေကို မီးရှို့တာ၊ ညောင်ပင်ကြီးကျေးရွာကို မီးရှို့တာတွေ လုပ်ဆောင်နေပြီး ညောင်ပင်ကြီးကျေးရွာကိုလည်း တပ်ပိုင်မြေအဖြစ်သိမ်းဆည်ဖို့ စားနေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။  

 

ပုံစာ - နေ့စဉ်မီးရှို့ခံနေရတဲ့ ညောင်ပင်ကြီးက လူနေအိမ်များ။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့နယ် #ညောင်ပင်ကြီး #လူနေအိမ် #စစ်ကောင်စီ  #မီးရှို့ဖျက်ဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10