ညောင်ဖြူပင်ကျေးရွာက ရဲစခန်းကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာက စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ တပ်စွဲနေတဲ့ ရဲစခန်းကိုဒေသခံကာကွယ်ရေးတပ်တွေက မီတာ ၁၅၀၀ အကွာကနေ ၈၀ မမ၊ ၆၀ မမ၊ ၄၀ မမတွေအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Dynamice(Salingyi) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။

ညောင်ဖြူပင်ရွာရဲစခန်းအတွင်းမှာ မုံရွာနမခက စစ်သား၊ ရဲနဲ့ တောပုရွာက ပျူစောထီးတွေအပါအ၀င် အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတာဖြစ်ပြိီး ဇွန် ၈ ရက် ညနေ ၅ နာရီကနေ ၆ နာရီခွဲအထိ ၈၀ မမ၊ ၆၀ မမ၊ ၄၀ မမတွေအပြင် လက်နက်ငယ်တွေနဲ့ ၁ နာရီခွဲအကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။ 

ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်က ရဲစခန်းထဲကိုကျခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေရှိပြီး သေဆုံးမှုကိုတော့မသိရသေးဘူးလို့ Chindwin Dynamice(Salingyi) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဒီမိုကရေစီသရဲလေး က ပြောပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုအတွင်းမှာ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေဘက်ကလည်း ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမတွေနဲ့ပြန်လည်ပစ်ခတ်တာရှိပေမယ့် ရဲဘော်တွေအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ တာ၀န်ခံ ဒီမိုကရေစီသရဲလေးက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Chindwin Dynamice-Salingyi ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ တပ်ခွဲ ၃ ၊ တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့ ၊ Fighter 9 Forces(Salingyi)၊  5/ဘခက် ၊ 5/Fighter Group ၊ Royal Brother Forces ၊ ကနောင်မင်းသားကြီး ၊ BED ငညို ၊ CDF ၊ SRA ၊ တောဘုရင် ယက္ခ ၊ ဒေါင်းတမာန် ၊ Golden Eagle ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၂ ညီနောင် တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ညောင်ဖြူပင် #ရဲစခန်း #ပစ်ခတ်တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10