ညောင်လေးပင်ခရိုင်ထဲက ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ၂ ပတ်အတွင်း ၂ ကြိမ် မိုင်းခွဲခံရ

ညောင်လေးပင်ခရိုင်ထဲက ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ၂ ပတ်အတွင်း ၂ ကြိမ် မိုင်းခွဲခံရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်နဲ့ ကျောက်တံခါးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး ရထား လမ်းပိုင်း ၂ ပတ်အတွင်း မိုင်း ၂ ကြိမ်ခွဲခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့နဲ့ ထိန်တပင်ကျေးရွာကြား ရန်ကုန်-မန္တလေး ရထားလမ်းမိုင်တိုင်အမှတ် ၁၃၇ အနီးမှာ မိုင်းခွဲခံရပြီး ၆ ပေနီးပါး ပျက်စီးခဲ့ပါတယ်။ 

အဲ့ဒီနောက်အောက်တိုဘာလ ၂၄ ရက် မနက် ၁ နာရီလောက်က ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊  သူဌေးကုန်းဘူတာနဲ့ ပိန်းဇလုပ်ဘူတာကြား ကံကလေးကျေးရွာအနီး မန္တလေး-ရန်ကုန်မီးရထားလမ်း မိုင်တိုင်အမှတ် ၁၀၃/၁၂နဲ့ ၁၀၃/၁၃ ကြားက ရထားလမ်းပိုင်း ထပ်မံ မိုင်းခွဲခံခဲ့ရတာလည်း ဖြစ်ပါတယ်။ 

"ရထားလမ်းကတော့ ခဏခဏ မိုင်းခွဲခံရလို့အထူးအဆန်းတော့မဟုတ်တော့ဘူး။ ခရီးသွားတွေမထိတာဘဲ ကံကောင်းတယ်ပြောရမယ်"လို့ ဒေသခံတဦးကပြောပါတယ်။

အဆိုပါ ရထားလမ်းမိုင်းခွဲတာကို ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ်ဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေက စစ်အသုံးအဆောင်တွေနဲ့ ရိက္ခာတွေကို သယ်ဆောင်သွားလာနေတာကြောင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်လုပ်ဆောင်တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က မြေလတ်အသံကို ဖြေဆိုထားဖူးပါတယ်။

စက်တင်ဘာလ ၅ ရက် မနက် ၃ နာရီမှာ ပိန်းဇလုပ်ဘူတာနဲ့ တော်ဝိဘူတာအကြား၊ ရန်ကုန်-မန္တလေး ရထားလမ်း မိုင်တိုင် (၉၉/၈-၇)အနီးက တံတားနဲ့ ရထားလမ်းမှာ မိုင်းဖောက်ခွဲခံရပြီး ရထားသံလမ်း ပေ ၈၀ ခန့်နဲ့ ကွန်ကရစ်ဇလီဖားတုံး ၁၀ တုံး ပျက်စီးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#ပဲခူး #ညောင်လေးပင် #ရထားလမ်းမိုင်းခွဲ #ပျက်စီး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10