ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ပြည်သူ ၂ ဦးထိခိုက်ပြီး နေအိမ် ၆ လုံးပျက်စီး

ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ပြည်သူ ၂ ဦးထိခိုက်ပြီး နေအိမ် ၆ လုံးပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်နဲ့ မုန်းမြို့နယ်ထဲမှာ ဇူလိုင်လ ၂ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်ပစ်ခတ်တဲ့  လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦး ထိခိုက်ပြီး နေအိမ် ၆ လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

 

မနက် ၄ နာရီခန့်မှာ မုန်းမြို့နယ်၊ ရေတွင်းကုန်းရွာနဲ့ ဥသျှစ်ကုန်းရွာကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်ခဲ့လို့ ဥသျှစ်ကုန်းဒေသခံ စောစိုးမိုးခိုင် အသက် ၄၂  နှစ်နဲ့ စောခါဒူ အသက် ၃၀ နှစ်တို့ ၂ ဦး ဒဏ် ရာရရှိခဲ့သလို အဲ့ဒီရွာတွေက နေအိမ် ၄ လုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး အဲ့ဒီနေ့မနက်ပိုင်းမှာပဲ ညောင်လေးပင်နယ်၊ တော်ဝိကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ဂွေးကုန်းရွာထဲကျကာ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တာကြောင့် လူနေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

 

 

"စကစ ဘက်ကတော့ စစ်တောင်းမြောက်ဘက်မြစ်ကမ်းဘေးက ရွာတွေဘက်ကို နေ့စဥ် လက်နက်ကြီးတွေနဲ့ လှည့်ပတ်ပစ်နေတာ။ မနေ့ကဆိုလည်းသူတို့(စကစ)ဘက်က ပစ်လို့နေအိမ်တွေထိတာ လူတွေထိတာရှိတယ်။ ဒေသခံတွေဆိုလည်း ပြောင်းပြေးဖို့က သွားရေးလာရေးခက်တော့ ပစ်ခတ်ချိန် ခဏရှောင်လိုက်၊ ပြီးရင်လာပြန်နေလိုက် လုပ်နေရတယ်"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

 

စစ်ကောင်စီဘက်က မုန်းမြို့နယ်ဘက်ကကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ရေတွင်းကုန်းကျေးရွာ၊ ဥသျှစ် ကုန်းကျေးရွာနဲ့ အုန်းပင်စုကျေးရွာတွေက အိမ်ခြေထောင်စု ၂၉၁ စုက လူဦးရေ ၁၄၅၆ ဦး ဘေးလွတ်ရာပြေးနေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

 

 

မေလ ၁၈ ရက်က  စစ်ကောင်စီတပ် ခမရ ၅၉၉၊ ခမရ ၅၉၀၊ တပ်မ ၄၄နဲ့ ခလရ ၄၈ တပ်ပေါင်းစုတို့ဟာ မုန်းမြို့နယ်ရှိ စဝေ၊ ကျွန်းတောကျေးရွာ အတွင်းဝင်ရောက်ရန်အတွက် လက်နက်ကြီး ၂၅ လုံး ပစ်ခတ်ခဲ့လို့ ကျေးရွာတွင်းကျရောက်ပေါက်ကွဲကာ အသက် ၁၄ နှစ်အရွယ် အမျိုးသားတဦး ထိမှန်သေဆုံးခဲ့ပြီး အမျိုးသမီးတဦးနဲ့  အမျိုးသားတဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #စစ်ကောင်စီတပ် #လက်နက်ကြီး #ပစ်ခတ်မှု #လူထိခိုက်မှု #နေအိမ်ပျက်စီး #KNUနယ်မြေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10