ညောင်လေးပင်ခရိုင်မှာ စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ အရပ်သား ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

ညောင်လေးပင်ခရိုင်မှာ စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ အရပ်သား ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ နိုဝင်ဘာ ၁၂ နဲ့ ၁၃ ရက်တွေမှာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရတယ်လို့ KNU ဗဟိုက နိုဝင်ဘာ ၁၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၃ ရက် မနေ့နေ့လယ် ၁၂ နာရီခန့်မှာ ရွှေကျင်မြို့၊ ရှမ်းစုကျေးရွာအနီး လယ်လုပ်နေတဲ့ ဦး မင်းနိုင် ၅၄ နှစ်ဟာ ဇလုပ်ကြီးရွာ အခြေစိုက် ခမရ ၅၉၈ က ပစ်ခတ်တဲ့ လက်နက်ကြီးထိပြီး လက်နဲ့ပေါင်တွေမှာ ဒဏ်ရာရလို့ ဆေးရုံပို့ချိန် သွေးလွန်ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

မနေ့ ညနေ ၄ နာရီခန့်မှာ မုန်းမြို့နယ်၊ ဂွေးကုန်းကျေးရွာဘက်ကို မုန်းအခြေစိုက် ခမရ ၃၀၇ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ နေအိမ်ထဲရှိနေတဲ့ မယွန်းစန္ဒီ ၁၅ နှစ် နဲ့ဒေါ်မာဝင်း ၄၈ နှစ်တို့ဟာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

"ရွှေကျင်မှာထိတဲ့ တစ်ယောက်ဆို သူလယ်ထဲမှာ စပါးသိမ်းနေတာ။ သူဘေးနားကို စကစ ပစ်တဲ့ လက်နက်ကြီးကျတာ။ မုန်းက သားအမိနှစ်ယောက်ဆိုလည်း နေအိမ်ထဲရှိနေချိန်ကိုထိတာ"လို့ ရွှေကျင်မြို့နယ်ရှိ မြေပြင် PDF ရဲဘော်တဦးကပြောပါတယ်။

အလားတူ နိုဝင်ဘာ ၁၂ ရက်ကလည်း မုန်းအခြေစိုက် ခမရ ၃၀၇၊ ခမရ ၄၃၉၊ တပ်မ ၇၇ တပ်တွေကနေ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ၊ ၁၅၅ မမ စတဲ့လက်နက်ကြီး ၈ လုံးခန့် ကျေးရွာတွေဘက်ကိုပစ်ခတ်ခဲ့ရာ သင်းနှီးကျောင်းကျေးရွာအတွင်း လက်နက်ကြီးတလုံးကျရောက်ပေါက်ကွဲပြီး အသက် ၄၀ ဝန်းကျင်ခန့်ရှိ ဦးဇော်ဇော်အောင်၊ ဦးသက်ဝင်းအောင်တို့ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန်ချက်က ဆိုပါတယ်။

နိုဝင်ဘာ ၃ ရက်ကလည်း မုန်းအခြေစိုက်စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကင်မွန်းခြုံ၊ ပျဥ်းမပင်၊ ဝက်တူးကျေးရွာတွေမှာ ပြည်သူ ၁ ဦးသေဆုံးပြီး သံဃာ ၁ ပါး ဒဏ်ရာရရှိခဲ့တယ် လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #စစ်ကောင်စီတပ် #လက်နက်ကြီး #ပစ်ခတ်မှု #သေဆုံးမှု #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10