ညောင်လေးပင်ခရိုင်မှာ လက်နက်ကြီးထိလို့ ပြည်သူ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ညောင်လေးပင်ခရိုင်မှာ လက်နက်ကြီးထိလို့ ပြည်သူ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၄ ရက် ညနေ ၅ နာရီကျော်မှာ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာဘက်ကို ဇရပ်ကြီးအခြေစိုက် ခလရ ၇၃ တပ်မှ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ ကျေးရွာအရှေ့ဖက်ကို ကျပြီး လယ်ကြွက်ထောင်နေတဲ့ အသက် ၃၀ အရွယ် ကိုသူရဲ့ နံရိုးနဲ့လည်ပင်းကို ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

"သူက ညပိုင်း လယ်ကြွက်လိုက်ထောင်လေ့ရှိတယ်။ အဲ့ဒါလက်နက်ကြီးက သူအနားကို လာကျတာ။ နေရာမှာပဲ ဆုံးတယ်။ ညောင်လေးပင်မှာလည်း လက်နက်ကြီးထိလို့ မိသားစုတစု ထိခိုက်တာရှိတယ်"လို့ ကျောက်ကြီးဒေသခံတဦးက ပြောပါတယ်။

နိုဝင်ဘာ ၂၄ ရက် ည ၁၁ နာရီခွဲလောက်မှာလည်း ညောင်လေးပင်မြို့နယ်၊ ဂွေးကုန်းရွာဘက်ကို ညောင်လေးပင်အခြေစိုက် ခမရ ၂၀ တပ်က လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ဦးသန်းဌေးဆိုသူရဲ့ နေအိမ်နားကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီးကျလို့ ဦးသန်းဌေးရဲ့သား အသက် ၇ နှစ်အရွယ် မောင်ချစ်ချစ် ရဲ့ ဦးခေါင်းနဲ့ နောက်စိ ထိခိုက်၊ သမီးဖြစ်သူ မခင်ပပဝင်း ၁၈ နှစ် ဝမ်းဗိုက်ထိမှန်၊ ဇနီးဖြစ်သူ ဒေါ်ချိုဝင်း ၅၄ နှစ် ဘယ်ဘက်ပေါင် ထိခိုက်ခဲ့ပြီး အနီးဝန်းကျင်က နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့တယ်လို့ ကျောက်ကြီးဒေသခံ တဦးက ပြောပါတယ်။ 

ဒါ့အပြင် အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာလည်း ညောင်လေးပင်အခြေစိုက် ခမရ ၂၀ ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ၁ လုံးက ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ရာ ကလေး ၂ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်အထိ စစ်အုပ်စုနဲ့ သူတို့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့သူ ၄၂၀၀ ဦးရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#ပဲခူး #ညောင်လေးပင် #ကျောက်ကြီး #လက်နက်ကြီးပစ်ခတ် #စစ်ကောင်စီ #ပြည်သူထိမှန် #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10