ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီလက်နက်ကြီးကျည်ကြောင့် ကျောင်းသား ၂ ဦး အပါ ၄ ဦးသေဆုံး

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီလက်နက်ကြီးကျည်ကြောင့် ကျောင်းသား ၂ ဦး အပါ ၄ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ KNU ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး၊ ရွှေကျင်နဲ့မုန်းမြို့နယ်တွေထဲမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဩဂုတ်လ ၁၇ ရက်မှာ KNU ဗဟိုက ထုတ်ပြန်လာပါတယ်။

ဩဂုတ်လ ၁၃ ရက်ကနေ ၁၆ ရက်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က ဟောင်ဝင်ဇာ ၁၀၅ မမ၊ ၁၂၂ မမ အပါအဝင် ၈၁ မမ၊ ၆၀ မမ ကျည်တွေသုံးပြီး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"စကစ ဘက်ကတော့ ခုရက်ပိုင်းမှာ လက်နက်ကြီးတွေကို အလွန်အကျွံသုံးပြီး နေ့တိုင်းပစ်ခတ်နေတာရှိတယ်။ KNU တပ်မဟာ ၃ နယ်မြေထဲက ရွာတွေကိုပစ်နေတာ။ စစ်ကြောင်းမဝင်ခင် ကြိုတင်ပစ်ခတ်တဲ့ သဘောလဲပါတယ်။ အကြောင်းမဲ့ပစ်နေတာကများတယ်။"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဩဂုတ်လ ၁၃ ရက်နေ့က ကျောက်ကြီးမြို့နယ်၊ ဒိုးတန်း၊ ပဲသောင်၊ အင်ကုန်း၊ လှေတန်းကျေးရွာတွေဘက်ကို ပိန်းဇလုပ် ခလရ ၂၆၄၊ သူဌေးကုန်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီးတွေပစ်ခတ်ခဲ့ရာ ပဲသောင်ရွာက ကျောင်းသား ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ပါတယ်။

ဩဂုတ်လ ၁၄ ရက် မနက်ပိုင်းမှာ ဂွေးကုန်း၊ ဂွမ်းဒလကြီး၊ အင်းကပ်ပလိပ်ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်ခဲ့ရာ အင်းကပ်ပလိပ်ကျေးရွာ စာသင်ကျောင်းနား လက်နက်ကြီးကျ ပေါက်ကွဲမှုမှာ ကျောင်းသား ၂ ဦးနဲ့ဆရာမ ၁ ဦးဒဏ်ရာရခဲ့ပါတယ်။

ဩဂုတ်လ ၁၆ ရက်မှာ မုန်းမြို့နယ်အတွင်း ဇလုပ်ကြီး၊ ငါးမြစ်အင်း၊ နောင်ဘိုလက်တက်ကြီး၊ လှေဒိုးရွာဘက်တွေကို လက်နက်ပြီးပစ်ခတ်ခဲ့ရာ ဇလုပ်ကြီးရွာက အမျိုးသား ၂ ဦးလက်နက်ကြီးထိ သေဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကောင်စီလက်နက်ကြီးဒဏ်ကြောင့် နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး စာရင်းကောက်ယူနေဆဲဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်း #ညောင်လေးပင် #ရွှေကျင် #ကျောက်ကြီး #မုန်း #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ်မှု #စစ်ရှောင် #ပညာရေး #ကျောင်းသား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10