ညောင်လေးပင်ခရိုင်အတွင်း ၅ ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၃၂ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရဟုဆို

ညောင်လေးပင်ခရိုင်အတွင်း ၅ ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၃၂ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရဟုဆို

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်အတွင်း ၅ ရက်တာတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၃၂ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU ဗဟိုက ဇူလိုင် ၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

 

ညောင်လေးပင်ခရိုင်အတွင်း မြို့နယ်တွေဖြစ်တဲ့ ကျောက်တံခါး၊ ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ ဇူလိုင် ၁ ရက်ကနေ ၅ ရက်အထိ ၅ ရက်တာအတွင်း တိုက်ပွဲပေါင်း ၉ ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီး အထိနာတဲ့စစ်ကောင်စီတပ်က ရွာတွေကို နေ့တိုင်းနီးပါး လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

 

 

"ကျောက်ကြီးနဲ့ ကျောက်တံခါးထဲမှာ တိုက်ပွဲအများဆုံးဖြစ်ခဲ့တယ်။ ကျန်တာကတော့ KNU ထုတ်ပြန်ချက်အတိုင်းပါပဲ။ တိုက်ပွဲတွေဖြစ်တော့ စကစဘက်ကတော့ နေ့တိုင်းလက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ပစ်နေတာရှိတယ် "လို့ မြေပြင်မှာ ပူးပေါင်းပါဝင််နေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

 

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိသလို KNLA တပ်မဟာ ၃ ဘက်က ၁ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားတဲ့ ရက်တွေအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးအလုံးရေ ၁၀၀ ကျော် ပစ်ခတ်ခဲ့လို့ ပြည်သူ ၂ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် ပြည်သူနေအိမ် ၁၃ လုံး၊ ထင်းတဲ ၁ လုံး၊ နွား ၃ ကောင်ပျက်စီးသေဆုံးခဲ့သလို ပြည်သူ ၄၈ ဦး ဖမ်းဆီးခံရပြီး ရွှေငွေတွေ သိမ်းယူခံရတာ၊ နေအိမ် ၅ လုံး မီးရှို့ဖျက်ဆီးခံရတာတွေလည်း ရှိခဲ့တယ်လို့ KNU ကဆိုပါတယ်။

 

 

တိုက်ပွဲနဲ့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရေတွင်းကုန်းကြီး၊ ဥသျှစ်ကုန်း၊ အုန်းပင်စု၊ သပြေကုန်း၊ ဝက်တူး၊ အညာစု၊ ငနွားဆိပ်၊ ငဖယ်အင်း၊ အင်းပရိ၊ ကျောက်တန်း၊ ကညင်ကျိုး၊ လက္ခံ၊ ဒိုးတန်း၊ ကန်ကလေး၊ ရေတွင်းကုန်း၊ သမင်အင်းကုန်း၊ ချွဲတလဲ၊ တလဲဒူး၊ တလဲဆန်း၊ ခိုလှုံ၊ တလခင်၊ နဇံ စတဲ့ ကျေးရွာတွေက ဒေသခံ ၈၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #တိုက်ပွဲ #စစ်ကောင်စီတပ် #သေဆုံးမှု #လက်နက်ကြီး #KNU #စစ်ဘေးရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10