ညောင်လေးပင်ဒေသက ကျေးရွာအချို့မှာ စပါးရိတ်သူတွေက စစ်ကောင်စီကို ငွေ ၅ သိန်းပေးနေရ

ညောင်လေးပင်ဒေသက ကျေးရွာအချို့မှာ စပါးရိတ်သူတွေက စစ်ကောင်စီကို ငွေ ၅ သိန်းပေးနေရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်က စစ်အုပ်စုတပ်စွဲရာ ပုဇွန်မြောင်းကျေးရွာဝန်းကျင်ရှိ ကျေးရွာတွေက လယ်တွေမှာ စပါးရိတ်လိုပါက ကျပ် ၅ သိန်းနှုန်း စစ်ကောင်စီတပ်တွေကို ပေးရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီပိုက်ဆံတွေကို ပုဇွန်မြောငိးကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ တာဝန်ခံဆိုသူဆီပေးရတာဖြစ်ပြီး မပေးနိုင်သူတွေက စပါးရိတ်ခွင့်မရဘူးလို့ ဆိုပါတယ်။

"ကိုယ့်လယ်ကို ကိုယ်ရိတ်ချင်ရင် ၅ သိန်းပေး။ မပေးနိုင်ရင် မရိတ်ရဘူး။ တောင်သူအချို့ကျတော့ စိုက်ထားတဲ့ ဧကများသူဆိုရင် သူတို့ကိုပေးပြီး ကျန်တာ ဝမ်းစာချန်လို့ရတယ်ဆိုပြီး ရိတ်ကြတယ်။ ဧကနည်းသူတွေကျတော့ မရိတ်တော့ဘဲ ဒီအတိုင်းထားလိုက်ကြတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ပုဇွန်မြောင်းရွာဝန်းကျင်က ညောင်ပင်ကြီး၊ ကုန်းတလကြီး၊ ကွင်းဒလေး၊ ပြင်ရေ၊ ရွှေဘုံသာ၊ မှော်ပြား၊ အင်ဝိုင်းရွာ စတဲ့ကျေးရွာတွေအနီးရှိ လယ်တွေမှာ ပိုက်ဆံတောင်းပြီး စပါးရိတ်ခွင့်ပေးတာဖြစ်ပြီး

ပုဇွန်မြောင်းကျေးရွာအနီးဆုံးမှာရှိတဲ့ လယ်တွေမှာတော့ စစ်ကောင်စီတပ်တွေက စပါးရိတ်ခွင့်မပေးဘဲ ရွာနားကပ်လာတာနဲ့ ပစ်ခတ်မိန့်ပေးထားတယ်လို့ သိရပါတယ်။

စပါးရိတ်ချိန်မှာလည်း လယ်ပိုင်ရှင်က စပါးရိတ်နေတဲ့ကွင်းထဲမှာ နေခွင့်မရှိဘဲ စပါးရိတ်စက်မောင်းသူနဲ့ အလုပ်သမား ၂ ဦးကိုသာ ခွင့်ပြုထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ပုဇွန်းမြောင်းကျေးရွာဝန်းကျင်ရွာတွေမှာ စိုက်ပျိုးထားတဲ့ မိုးစပါးဧက ၁၀၀၀ ကျော်ရှိနေပြီး ငွေမပေးနိုင်လို့ အများစုက မရိတ်ကြဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ပုဇွန်းမြောင်းကျေးရွာထဲမှာ စစ်ကောင်စီ၊ ရဲနဲ့ပျူစောထီးအင်အား ၈၀ နီးပါး တပ်စွဲနေထိုင်နေပြီး ဒေသခံတွေကတော့ ရွာကနေတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။  

စာတည်း - လင်း 

 #မြေလတ်အသံ

#ပဲခူးတိုင်း #ညောင်လေးပင် #ပုဇွန်မြောင်းရွာ #စပါးရိတ် #စစ်ကောင်စီ #ပိုက်ဆံတောင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10