ညောင်လေးပင်မြို့နယ်က စစ်ကောင်စီတပ်နေရာ ၃ ခု တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

ညောင်လေးပင်မြို့နယ်က စစ်ကောင်စီတပ်နေရာ ၃ ခု တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာနဲ့ အင်ဝိုင်းကျေးရွာအနီးက စစ်ကောင်စီ စစ်ဆေးရေးဂိတ်အပါအဝင် နေရာ ၃ ခု တိုက်ခိုက်ခံရလို့ ရဲ ၂ ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေပြီး ၁၀ ဦးကျော် ဒဏ်ရာရတယ်လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက် မနက် ၃ နာရီခွဲခန့်မှာ အင်ဝိုင်းကျေးရွာအနီး ညောင်လေးပင်-မဒေါက်လမ်းပေါ်က ရေကြည်ချောင်းတံတား၊ စစ်ကောင်စီစစ်ဆေးရေးဂိတ်၊ မလူးတဲ စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ ပုဇွန်းမြောင်းကျေးရွာထဲက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဒီကောင်တွေနေတာကို သိမ်းနိုင်ဖို့ တပြိုင်နက်တည်းတိုက်ခဲ့ကြတာ။ ကျနော်တို့ဘက်က RPG နဲ့ လက်နက်ကြီး တချို့က ချို့ယွင်းချက်ရှိသွားလို့ မသိမ်းလိုက်ရဘူး။ တိုက်ပွဲကတော့ တနာရီနီးပါးဖြစ်လိုက်တယ်" လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တဦးက ပြောပါတယ်။

အဆိုပါ နေရာ ၃ ခုမှာ စစ်ကောင်စီနဲ့ ရဲအင်အား ၁၀၀ နီးပါးရှိနေတာဖြစ်ပြီး တိုက်ပွဲအပြီးမှာ ရေကြည်ချောင်းတံတားက ရဲ ၂ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရသလို မလူးတဲစစ်ဆေးရေးဂိတ်နေရာမှာ စစ်ကောင်စီဘက်က ၂ ဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ပုဇွန်းမြောင်းကျေးရွာထဲက စစ်ကောင်စီတပ်စွဲနေရာ တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံး မသိရဘဲ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိလို့ PDF ရဲဘော် ၂ ဦး မစိုးရိမ်ရဒဏ်ရာ ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီး မနက် ၇ နာရီလောက်မှာတော့ စစ်ကောင်စီဘက်က ညောင်လေးပင် - မဒေါက်သွားလမ်းကို ပိတ်ထားပြီး ထိခိုက်သေဆုံးသူတွေကို လူနာတင်ယာဥ်တွေနဲ့ ညောင်လေးပင်ဘက်ကို သယ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ KNLA တပ်မဟာ ၃၊ BPLA၊ တော်ဝင်ဒေါင်း၊ PDF 3702 Fire dragon အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စက်တင်ဘာ ၂၉ ရက် မနက် ၄ နာရီခန့်မှာ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာထဲကရှိနေတဲ့ KNLA ပူးပေါင်း တပ်တွေကို စစ်ကောင်စီအင်အား ၁၀၀ ခန့်က လာဝိုင်းစဥ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦး ထက်မနည်းသေဆုံးခဲ့သလို KNLA ပူးပေါင်းတပ်ဘက်က ၃ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ 

#မြေလတ်အသံ

#ပဲခူးတိုင်း #ပုဇွန်မြောင်းကျေးရွာ #အင်ဝိုင်းကျေးရွာ #ညောင်လေးပင်-မဒေါက်လမ်း #ရေကြည်ချောင်းတံတား #မလူးတဲစစ်ဆေးရေးဂိတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10