သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မင်္ဂလာကုန်းရွာမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ပြည်သူ ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာလ ၁၈ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ပုဇွန်းမြောင်းကျေးရွာအတွင်း တပ်စွဲထားတဲ့ ခမရ ၂၀ တပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ အနီးကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ ၁ လုံးက ရွာနဲ့ ၂ မိုင်အကွာရှိ မင်္ဂလာကုန်းရွာလမ်းမကို ကျရောက်ပေါက်ကွဲပြီး အထက်ပါ ပြည်သူ ၂ ဦးကို ထိမှန်ခဲ့တာလို့ဆိုပါတယ်။
"ထိသွားတဲ့သူတွေက လယ်ထဲကနေ စပါးရိတ်ပြီး အိမ်မှာ နေ့လယ်စာ ထမင်းပြန်စားကြတာ။ သူတို့လည်း ရွာလမ်းမှာရှိနေချိန် လက်နက်ကြီးကျတာ"လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ အသက် ၄၀ အရွယ် မဝင်းအေးက နောက်ကျောကို ထိမှန်ပြီး ၁၃ နှစ်အရွယ် မောင်မျိုးထက်ကျော်က လက်မောင်းကို ထိမှန်ဒဏ်ရာရခဲ့ကာ ၂ ဦးစလုံး စိုးရိမ်ရတဲ့အခြေအနေမရှိဘဲ ၂ ဦးစလုံး ကျေးရွာဆေးပေးခန်းမှာ ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ပုဇွန်မြောင်းကျေးရွာအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ညတိုင်းနီးပါး ကျေးရွာတွေဘက်ကို ပစ်ခတ်နေပြီး PDF တွေရှိတယ်အထင်နဲ့ ခုလို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းပါတယ်
အောက်တိုဘာလ ၁၆ ရက်နေ့ည ၁၀ နာရီမိနစ် ၃၀ခန့်မှာ ညောင်လေးပင်အခြေစိုက် ခမရ ၂၀ တပ်ရင်းကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီး ၅ လုံးထက်မနည်းပစ်ခတ်ခဲ့ရာ ချုံအင်းကျေးရွာထဲ ၁ လုံးနဲ့ရွာပြင်လယ်ကွင်းထဲ ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား ၁ ဦးနဲ့အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ညောင်လေးပင် #စစ်ကောင်စီ #ခမရ၂၀ #လက်နက်ကြီးပစ် #ဒေသခံထိခိုက် #သတင်း