ညောင်လေးပင်မှာ ဒေသခံတွေပိုင် နွား၊ ကျွဲ ရာချီကို စစ်ကောင်စီတပ်ဖွဲ့တွေက ရောင်းစားနေဟုဆို

ညောင်လေးပင်မှာ ဒေသခံတွေပိုင် နွား၊ ကျွဲ ရာချီကို စစ်ကောင်စီတပ်ဖွဲ့တွေက ရောင်းစားနေဟုဆို

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်းမြောင်းရွာထဲက ဒေသခံတွေပိုင်တဲ့ နွားနဲ့ ကျွဲရာချီကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရောင်းစားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုဇွန်မြောင်းကျေးရွာထဲမှာ စစ်တပ်က တပ်စွဲနေထိုင်ပြီးနောက် ထွက်ပြေးသွားတဲ့ ရွာသားတွေကျန်ခဲ့တဲ့ ကျွဲ၊ နွား အကောင်ရေ ၁၀၀ ကျော်ကို ပျူစောထီးတွေနဲ့ ပေါင်းပြီး ရောင်းစားနေတယ်လို့ ဆိုပါတယ်။

"တိုက်ပွဲဖြစ်ပြီးတော့ ရွာသားတွေထွက်ပြေးရချိန် ကျွဲ၊ နွားတွေက မယူသွားနိုင်ဘူး။ ကျန်ခဲ့တယ်။ အဲ့ဒါကို သူတို့တွေက အမဲဒိုင်တွေမှာ သွားရောင်းနေကြတာ။ ကုန်သလောက်ရှိနေပြီ" လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ ကျွဲ၊ နွားတွေရဲ့ ပိုင်ရှင်ထက်ဝက်လောက်က စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ ဆွေးမျိုးသားချင်း တော်စပ်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။  

"စစ်တပ်မထောက်ခံတဲ့ ဒေသခံအများစုက အရင်ကတည်းက စစ်ရှောင်နေကြရတာ။ ပြီးခဲ့တဲ့ နောက်ဆုံးတိုက်ပွဲ မဖြစ်ခင်က မပြေးဘဲနေသူဆိုလို့ စကစနဲ့ပတ်သက်သူတွေလို့ ဆိုရမယ့်သူတွေနဲ့ အိမ်စောင့်လောက်ကျန်တဲ့သူတွေပဲ။ တကယ် တိုက်ပွဲဖြစ်ချိန်ကျတော့ သူတို့လည်း ပြေးရတော့ သူတို့ဟာတွေက အများဆုံးကျန်တာ" လို့ အထက်ပါ ဒေသခံကဆက်ပြောပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတွေမွေးမြူထားတဲ့ ကျေးရွာထဲက ဝက်၊ ဆိတ်၊ ကြက်၊ ဘဲတွေကိုလည်း ချက်စားတာတွေရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ ကျွဲ၊ နွားတွေကို ကားနဲ့တင်ပြီး ညောင်လေးပင်မြို့က ကိုဘိုကြီး အမဲဒိုင်၊ ဒိုက်ဦး၊ ပြွန်တန်တာနဲ့ ပိန်းဇလုပ်က အမဲဒိုင်တွေမှာလည်း သွားရောက် ရောင်းချလေ့ရှိတယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်မှာ ကျွဲ၊ နွားတကောင်ပေါက်စျေးက ကျပ် ၁၀ သိန်းအထက်မှာ ရှိနေတာကြောင့် ပုဇွန်းမြောင်းကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ ဝင်ငွေကောင်းနေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၉ ရက် မနက် ၄ နာရီခန့်မှာ စစ်ကောင်စီအင်အား ၁၀၀ ခန့်ဟာ ပုဇွန်မြောင်းကျေးရွာကို လာဝိုင်းစဥ် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ၁၀ နာရီကြာ ဖြစ်ပွားပြီးကတည်းက ကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်နေတာ ဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်းသေဆုံးသွားသလို PDF တွေဘက်က ၃ ဦးဒဏ်ရာရပြီး ဒေသခံ ၂ ဦးကို PDF ဆိုပြီး စစ်ကောင်စီဘက်က ပစ်သတ်ခဲ့ပါသေးတယ်။

ပုဇွန်မြောင်းကျေးရွာဟာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅,၀၀၀ ကျော် နေထိုင်တဲ့ရွာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ နေရပ်မပြန်ရသေးဘဲ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ညောင်လေးပင်မြို့  #ပုဇွန်းမြောင်းရွာ #နွား #ကျွဲ #စစ်ကောင်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10