ညောင်လေးပင်မှာ လက်နက်ကြီးကျလို့ ဆော့နေတဲ ၉ နှစ်အရွယ်ကလေး ထိမှန်သေဆုံး

ညောင်လေးပင်မှာ လက်နက်ကြီးကျလို့ ဆော့နေတဲ ၉ နှစ်အရွယ်ကလေး ထိမှန်သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကောက်မယ်သူကျေးရွာ ခြံဝန်းတခုထဲ လက်နက်ကြီးကျလို့ ဆော့ကစားနေတဲ ၉ နှစ်အရွယ်ကလေးငယ် သေဆုံးသွားတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီခန့်မှာ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ ကောက်မယ်သူကျေးရွာနေ စောခဲထူးနေအိမ်ခြံဝန်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာပါ။

"လက်နက်ကြီးကျလာတဲ့အချိန် ကလေးက ခြံထဲဆော့နေတာ အစမှန်ပြီး နေရာမှာပဲ သေဆုံးသွားတယ်။ တိုက်ပွဲမဖြစ်ဘဲ ကျလာတာဆိုတော့ လူတွေလည်း လန့်ကုန်တယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်နက်ကြီးကျလို့ စောခဲထူးရဲ့ သားဖြစ်သူ အသက် ၉ နှစ်အရွယ် စောတက်တိုး ​ခြေထောက်နဲခန္ဓာကိုယ်မှာ လက်နက်ကြီးအစမှန်သေဆုံးသွားသလို နေအိမ်မှာလည်း ပျက်စီးမှုအချို့ ရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ တတိယအပတ်မှ စတင်ပြီး ညောင်လေးပင် အခြေစိုက် ခမရ ၂၀ နဲ့ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်တွေဟာ နေ့စဥ်နီးပါး ကျေးရွာတွေဘက်ကို လက်နက်ကြီး ၅ လုံးကနေ ၁၀ လုံးကြား အကြောင်းမဲ့ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

 ဇန်နဝါရီ ၅ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီး နာရေးအိမ်ပေါ်ကျလို့ ၄ ဦးသေ၊ ၁၆ ဦးဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ်မှု #ကလေးသူငယ် #သေဆုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10