ညောင်လေးပင် ၂ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ဦးသေပြီး ၃၀ ကျော်ဒဏ်ရာရ

ညောင်လေးပင် ၂ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ဦးသေပြီး ၃၀ ကျော်ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ယောက်သွားကုန်းနဲ့ ရေတွင်းကုန်းကျေးရွာတွေမှာ  ၂ ရက်တာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ၇ ဦးသေပြီး ၃၀ ကျော် ဒဏ်ရာရသွားတယ်လို့ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲထံက သိရပါတယ်။

ဇူလိုင်လ ၂၅ ရက်ညနေ ၅ နာရီခွဲခန့်မှာ ယောက်သွားကုန်းကျေးရွာအနီးမှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့သလို ဇူလိုင် ၂၆ ရက် မနက် ၅ နာရီခန့်မှာလည်း ရေတွင်းကုန်းကျေးရွာနားမှာ အဆိုပါစစ်ကြောင်းနဲ့ဘဲ KNLA ပူးပေါင်းတပ်တွေ ထပ်မံ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"ခုလာတာက ပိန်းဇလုပ် ၂၆၄ တပ်က အဖွဲ့တွေ။ သူတို့ကလည်း ခဏခဏ အဲ့ဘက်ခြမ်းဝင်သလို ကျနော်တို့ဘက်ကလည်း သူတို့လာလာနေတာသိလို့ ရှေ့တန်းအဖွဲ့တွေထားပြီး တိုက်ခိုက်နေတာ။ တိုက်ပွဲကတော့ တညနဲ့ နောက်တနေ့နေ့လယ်ပိုင်းထိ ဖြစ်သွားတာ"လို့ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲ ပြန်ကြားရေး တာဝန်ရှိသူ က ပြောပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က အထိနာတာကြောင့် သေဆုံးဒဏ်ရာရသူတွေကို ပြန်သယ်ပြီး ဆုတ်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး ၃၆ ဦးဒဏ်ရာရခဲ့သလို KNLA ပူးပေါင်းတပ်ဘက်က ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ ကိုင်ဆောင်တဲ့ G 3 ၁ လက်၊ ၇.၆၂ ကျည် ၂၀၀ တောင့်၊ ၆၀ မမ ဗုံးသီး ၁ လုံး တို့ကို သိမ်းဆည်းရမိခဲ့ပါသေးတယ်။

ဇူလိုင်လ ၂၁ ရက် ညနေပိုင်းမှာလည်း ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်-မဒေါက်သွားလမ်းဘေး ပုဇွန်မြောင်း ကျေးရွာအနီးရှိ တံတားစောင့် စစ်ကောင်စီတပ်သားတွေနဲ့ပျူတွေ RPG နဲ့ပစ်ခံရပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #ညောင်လေးပင်မြို့နယ် #ယောက်သွားကုန်း #ရေတွင်းကုန်းကျေးရွာ #KNLA #စစ်ကောင်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10