ညောင်လေးပင်၊ ပုဇွန်းမြောင်းရွာက လျှပ်စစ်မီးကြိုးတွေကို စစ်တပ်က ဖြုတ်ယူရောင်းစားနေ

ညောင်လေးပင်၊ ပုဇွန်းမြောင်းရွာက လျှပ်စစ်မီးကြိုးတွေကို စစ်တပ်က ဖြုတ်ယူရောင်းစားနေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာထဲမှာ ၂ လနီးပါးအကြာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျေးရွာအတွင်းသွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတွေပိုင်ဆိုင်တဲ့ နွားနဲ့ကျွဲရာချီကို စစ်ကောင်စီတပ်ဖွဲ့ကရောင်းစားပြီးနောက် ကျေးရွာအတွင်းမှာ သွယ်တန်းထားတဲ့ မီးကြိုးတွေကို ဖြုတ်ချပြီး အထဲက ကြေးကြိုးတွေကို ပိသာချိန်နဲ့ရောင်းစားနေတာလို့ ဆိုပါတယ်။

"သူတို့ရောက်ပြီးကတည်းက ရွာမှာလူတွေမရှိတော့ စိတ်ကြိုက်လုပ်နေကြတယ်။ ကျွဲနွားတွေလည်း ကုန်ပြီ။ အိမ်တွေမှာရှိတဲ့ ပရိဘောဂတွေလည်းကုန်ပြီ။ ခု ရွာထဲက မီးကြိုးတွေတောင်ဖြုတ်ပြီး ရောင်းစားနေတာ" လို့ ပုဇွန်းမြောင်းဒေသခံတဦးက ပြောပါတယ်။

ကျေးရွာထဲက လျှပ်စစ်မီးကြိုးတွေကို ဖြုတ်ယူမီးရှို့ကာ အထဲကကြေးကြိုးတွေကို ထုတ်ယူပြီး ပျူစောထီးတွေက ဆိုင်ကယ်နဲ့ ညောင်လေးပင်က အဟောင်းဆိုင်တွေမှာ သွားရောင်းကြတာလို့ သိရပါတယ်။

စစ်ကောင်စီအဖွဲ့တွေက ဖြုတ်ယူရောင်းစားလို့ ကျေးရွာထဲမှာ လျှပ်စစ်မီးကြိုးတွေလည်း မရှိသလောက် ဖြစ်နေပြီး ကျေးရွာထဲမှာ မီးလင်းတာကိုတောင် မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း ပုဇွန်မြောင်းကျေးရွာထဲမှာ ရွာသားတွေကျန်ခဲ့တဲ့ ကျွဲ၊ နွားအကောင်ရေ ၁၀၀ ကျော်ကို ပျူစောထီးတွေနဲ့ပေါင်းပြီး ရောင်းစားခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ဒေသခံတွေ မွေးမြူထားတဲ့ ကျေးရွာထဲက ဝက်၊ ဆိတ်၊ ကြက်၊ ဘဲတွေကိုလည်း ချက်စားနေကြလို့ ကုန်သလောက်ရှိနေပြီလို့ သိရပါတယ်။

စက်တင်ဘာ ၂၉ ရက် မနက် ၄ နာရီခန့်မှာ စစ်ကောင်စီအင်အား ၁၀၀ ခန့်ဟာ ပုဇွန်မြောင်းကျေးရွာကို လာဝိုင်းစဥ် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ၁၀ နာရီကြာဖြစ်ပွားပြီးကတည်းက ကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်နေတာဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်းသေဆုံးသွားသလို PDF တွေဘက်က ၃ ဦး ဒဏ်ရာရပြီး ဒေသခံ ၂ ဦးကို PDF ဆိုပြီး စစ်ကောင်စီဘက်က ပစ်သတ်ခဲ့ပါသေးတယ်။

ပုဇွန်မြောင်းကျေးရွာဟာ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေ ၁,၅၀၀ ကျော်ရှိကာ လူဦးရေ ၅,၀၀၀ ကျော် နေထိုင်တဲ့ရွာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ထွက်ပြေးနေရပြီး နေရပ်မပြန်ရသေးဘူးလို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #ညောင်လေးပင် #ပုဇွန်မြောင်းရွာ #တပ်စွဲ #စစ်ကောင်စီ #လျှပ်စစ်မီးကြိုး #ရောင်းစား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10