ညောင်ဦးက ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးစည်းရုံးရေးမှူး အသတ်ခံရ

ညောင်ဦးက ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးစည်းရုံးရေးမှူး အသတ်ခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ အုန္နဲချောင်းရွာအဝင် ညောင်ဦး-မြင်းခြံသွားလမ်းဘေးမှာ ဇွန်လ ၂၃ ရက် ညနေ ၆ နာရီခန့်က ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးစည်းရုံးရေးမှူးတဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အသတ်ခံရသူဟာ အသက် ၆၀ နှစ်အရွယ် အုန္နဲချောင်းကျေးရွာ ကြံခိုင်ရေးပါတီစည်းရုံးရေးမှူး ဦးသိန်းအောင်ဆိုသူဖြစ်ပြီး ကန်တောကျေးရွာကနေ အုန္နဲချောင်းကျေးရွာဘက်ကို ဆိုင်ကယ်နဲ့ပြန်လာချိန် ကျေးရွာအဝင် ဆိုင်းဘုတ်အနီးမှာ သတ်ဖြတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

"လည်ပင်းလည်း လှီးခံထားရသလို သေနတ်နဲ့လည်း ပစ်သတ်ခံထားရတဲ့ အခြေနေရှိတယ်။ ဖမ်းပြီးစစ်မေးပြီးမှ သတ်လိုက်တာလားတော့ မသိဘူး။ သူက ရွာအခေါ်ဆိုရင်တော့ ဗိန္ဒောဆရာပေါ့၊ ဆေးကုတာတွေလည်းလုပ်တယ်။ ခုလည်း ဆေးကုရာကနေ အပြန်အသတ်ခံရတာဖြစ်နိုင်တယ်"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အသတ်ခံရတဲ့ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး ဦးသိန်းအောင်ဟာ နေရာမှာပဲသေဆုံးသွားပြီး အခင်းဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီအဖွဲ့တွေ လာရောက်စစ်ဆေးကာ အလောင်းကို ညောင်ဦးခရိုင်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ဆိုပါတယ်။

ဦးသိန်းအောင်ဟာ အုန္နဲချောင်းကျေးရွာ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးတဦးဖြစ်သလို ယခင်ကကျေးရွာ ရာအိမ်မှူးတဦးလည်းဖြစ်တယ်လို့သိရကာ အသတ်ခံရတဲ့အကြောင်းအရင်းနဲ့ ဘယ်သူတွေက သတ်ဖြတ်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။

ဧပြီလ ၁၄ ရက်ကလည်း ညောင်ဦးမြို့နယ်၊ အောက်ညဥ့်ကျေးရွာ စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူး နိုင်ဝင်း ဆိုသူ နေအိမ်မှာ ပစ်သတ်ခံရလို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

 

 စာတည်း - ရင်ငြိမ်း

# မြေလတ်အသံ

#မန္တလေး #ညောင်ဦး #ကြံ့ခိုင်ရေးပါတီ #စည်းရုံးရေးမှူး #အသတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10