ညောင်ဦးမှာ ရဲတပ်ဖွဲ့ယာဉ်တန်း တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ မြို့နယ်ရဲမှူးအပါ ၉ ဦး ဒဏ်ရာပြင်းထန်

ညောင်ဦးမှာ ရဲတပ်ဖွဲ့ယာဉ်တန်း တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ မြို့နယ်ရဲမှူးအပါ ၉ ဦး ဒဏ်ရာပြင်းထန်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်ရဲစခန်းနဲ့ ၂မိုင်ကျော်အကွာက ငါ့သရောက်-ဇဂျမ်း လမ်းပိုင်းတနေရာမှာ ညောင်ဦးမြို့နယ်ရဲမှူးနဲ့ အရာရှိတွေလိုက်ပါလာတဲ့ ကားတန်းတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ မြို့နယ်ရဲမှူးအပါ ၉ ဦး ဒဏ်ရာအပြင်းအထန်ရတယ်လို့ သိရပါတယ်။

ညောင်ဦးမြို့နယ်ရဲမှူး၊ မြို့နယ်စရဖအရာရှိ၊ မြို့နယ် နယ်ထိန်းခေါင်းဆောင်နဲ့ ရဲတပ်သားတွေလိုက်ပါလာတဲ့ ကား ၄ စီး၊ ဆိုင်ကယ် ၃စီး ယာဥ်တန်းကို စက်တင်ဘာ ၂၀ ရက် ညနေ ၅ နာရီကျော်က ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲက နာရီဝက်ကြာခဲ့တယ်လို့ ဆိုပါတယ်။

“ ပတ်ကင်းသဘောမျိုးနဲ့ တူပါတယ်။ ငါ့သရောက်ဘက်ကနေ ဇဂျမ်းဘက်ကို သွားတာပေါ့။ အဲ့လမ်းပေါ် မှာ ပွိုင့်ဆွဲပြီးတော့ ပစ်ခတ်တိုက်ခိုက်တာ။”လို့ ညောင်ဦးခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲတပ်သား ၃ ဦးသေဆုံးတာကို ရဲဘော်တွေကိုယ်တိုင် အတည်ပြုနိုင်ခဲ့ပြီး ညောင်ဦး မြို့နယ် ဒုရဲမှူး ဝင်းဆန်း၊ မြို့နယ် စရဖအရာရှိ တင်ထွန်းအောင်၊ မြို့နယ် နယ်ထိန်းခေါင်းဆောင် ချစ်မိုး အပါအဝင် ၉ ဦး ဒဏ်ရာအပြင်းအထန်ရရှိတယ်လို့ သိရပါတယ်။

“သေဆုံးကတော့ မျက်မြင်ကို ၃ ကောင် တွေ့‌တယ်ဗျ။ (ကားပေါ်မှာ) ဒုရဲမှူးနဲ့ နယ်ထိန်းရဲခေါင်းဆောင်တို့ ပါတယ်လို့တော့ သိရပါတယ်။ သူတို့ကတော့ ဒဏ်ရာပဲရတယ်လို့ ကျနော်တို့ ကြားသိထားရတယ်။”လို့ Popa Production and Guerilla Force အဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က M22 သေနတ် ၁ လက်အပြင် စီးနင်းလာတဲ့ဆိုင်ကယ်တွေကိုထားပြီး ကားနဲ့ ထွက်ပြေးသွားလို့ ဆိုင်ကယ် ၃ စီးကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ညောင်ဦးခရိုင် တပ်ရင်း ၁ ၊Popa Production and Guerilla Force၊ ကျောက်ပန်းတောင်းမြို့နယ်ပကဖ၊ ညောင်ဦးမြို့နယ်ပကဖ၊ ညောင်ဦးမြို့နယ်ပကဖ တပ်ခွဲ ၂၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ ၊ Black Tiger(Myingyan) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ညောင်ဦး #ရဲယာဉ်တန်း #တိုက်ခိုက်ခံရ #ရဲတပ်ဖွဲ့ဝင် #သေဆုံးမှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10