ညောင်ဦးမှာ ဓားပြတိုက်ပြီးပစ်ခတ်ခံရလို့ အမျိုးသား ၂ ဦးသေဆုံး

ညောင်ဦးမှာ ဓားပြတိုက်ပြီးပစ်ခတ်ခံရလို့ အမျိုးသား ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကြအိုရွာတောင်ဘက် ညောင်ဦး-ပုဂံသွားလမ်းဘေးက နေအိမ်မှာ ဓားပြတိုက်ပစ်ခတ်ခံရပြီး အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက်ည ၇ နာရီခန့်မှာ ‘အောင်သိုက်ဦး’ ကုန်မာ(သံ၊ ဓါး၊ လယ်ယာသုံးပစ္စည်း)ဆိုင်ကို လူ ၇ ဦးက ဓားပြဝင်တိုက်ပြီး ဆိုင်ပိုင်ရှင်နဲ့ ယောက္ခမဖြစ်သူတို့ကို ပစ်သတ်သွားတာလို့ ဆိုပါတယ်။

"အိမ်ထဲကို ၃ ယောက်ဝင်တယ်။ အပြင်မှာ ၄ ယောက်စောင့်နေတယ်။ အိမ်ရှင်ကပစ္စည်းလိုချင်ရင် ပစ္စည်းပေးမယ်။ လူတွေဘာမှ မလုပ်ဖို့ပြောတယ်။ တကယ်လည်းရှိတာအကုန်ပေးလိုက်တယ်။ နားကပ်တဖက်ပဲကျန်တယ်။ ဒူးထောက်လက်​မြှောက်ပြီး ဝပ်နေတာကိုတောင် သတ်သွားတာ။"လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်သတ်ခံရလို့ ကုန်မာဆိုင်ပိုင်ရှင် အသက် ၄၀ ကျော်အရွယ် ကိုရာဇ (ခ) ကိုဇေယျာထွန်း နားထင်ပွင့်ထွက်ဒဏ်ရာရပြီး ယောက္ခမဖြစ်သူ အသက် ၆၀ အရွယ် ဦးနေလင်းမှာ ဦးခေါင်းပွင့်ထွက် ဒဏ်ရာတွေနဲ့ နေရာမှာတင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ကိုရာဇရဲ့အမျိုးသမီးလည်း နေအိမ်မှာရှိနေပေမယ့် သူ့ကိုတော့ ဘာမှလုပ်မသွားဘူးလို့ သိရပါတယ်။ 

အဲ့ဒီနောက်မှာ ဓားပြတွေဟာ ရွှေနားကပ်၊ ရွှေဆွဲကြိုး၊ ရွှေလက်ကောက် ခန့်မှန်း ၁၀ ကျပ်သားခန့်၊ စျေးရောင်းရငွေ ကျပ်သိန်း ၁၅၀ ကျော်၊ ဆိုင်ကယ် ၁ စီးတို့ကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဥ်ဖြစ်ပြီးနောက် ဒီဇင်ဘာ ၂၇ ရက်မနက်ပိုင်းမှာတော့ စစ်ကောင်စီနဲ့ရဲအဖွဲ့တွေက လာရောက် စစ်ဆေးပြီး အလောင်းတွေကိုညောင်ဦးဆေးရုံကိုယူဆောင်သွားတယ်လို့ သိရပါတယ်။

ဓားပြမှုဖြစ်တဲ့နေရာအနီးမှာ ဓားပြအဖွဲ့ဝင်တွေစီးလာတဲ့ ဆိုင်ကယ် ၁ စီး စက်နှိုးမရတာကြောင့်ထားခဲ့ပြီး ဆိုင်ကယ်ထဲကနေ စာရွက်စာတမ်းအချို့ကို ရဲတွေက သိမ်းဆည်းထားတယ်လို့သိရကြောင်း အထက်ပါ ဒေသခံက ပြောပါတယ်။ 

ဒီဇင်ဘာ ၂၈ ရက်ဒီမနက်ပိုင်းထိ စစ်ကောင်စီတပ်သားတွေနဲ့ရဲတချို့ဟာ အခင်းဖြစ်တဲ့နေရာအနီးမှာရှိနေပြီး စောင့်ကြည့်နေကြကာ ဓါးပြမှုကျူးလွန်သူတွေကိုတော့ ဖမ်းဆီးရမိတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။ 

ဒီဇင်ဘာ ၂၄ ရက်ညပိုင်းကလည်း ညောင်ဦးမြို့နယ်၊ ပျော်ဘွယ်ကျေးရွာက နေအိမ် ၂ အိမ်မှာ ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၂၀၀ ကျော်ပါသွားကာ အိမ်ရှင် ၁ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ညောင်ဦး #လူသတ် #ဓါးပြတိုက် #မှုခင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10