ညောင်ဦး စစ်ကောင်စီဥက္ကဌဖလား ဘောလုံးပြိုင်ပွဲစောင့်လုံခြုံရေးစစ်ကား မိုင်းခွဲခံရပြီး တပ်ကြပ် ၁ ဦးအပါ ၃ ဦးသေဆုံး

ညောင်ဦး စစ်ကောင်စီဥက္ကဌဖလား ဘောလုံးပြိုင်ပွဲစောင့်လုံခြုံရေးစစ်ကား မိုင်းခွဲခံရပြီး တပ်ကြပ် ၁ ဦးအပါ ၃ ဦးသေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် စစ်ကောင်စီဥက္ကဌဖလား ဘောလုံးပြိုင်ပွဲမှာ လုံခြုံရေးယူပေးနေတဲ့ စစ်တပ်ကား ၁ စီး စက်တင်ဘာ ၄ ရက် မနေ့ညနေပိုင်းက မိုင်းခွဲခံရပြီး တပ်ကြပ် ၁ ဦးအပါ ၃ ဦးသေဆုံးတယ်လို့  Bagan-Nyaung-U Special Task Force (ပုဂံ-ညောင်ဦးမြို့နယ် အထူးတိုက်ခိုက်ရေးအဖွဲ့)ဆီက သိရပါတယ်။

အမှတ် ၅ ရပ်ကွက်ရှိ ညောင်ဦးမြို့နယ်အားကစားကွင်းပတ်လည်မှာ စစ်ကောင်စီတပ်သုံး Double Cab ယာဉ် လုံခြုံရေးပတ်ပေးနေချိန် ရွှေစည်းခုံဘုရားတောင်ဘက်အရောက် ညနေ ၃ နာရီခွဲအချိန်ခန့်မှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ညနေ ၃ နာရီခွဲ ဘောလုံးပွဲစတယ်။ ဘောလုံးပွဲစပြီဆိုရင် လုံခြုံရေးအဖွဲ့ရောက် ရောက်လာတယ်။ ကျနော်တို့ ထောက်နေတာ ၃ ရက်လောက်ရှိပြီ။ ရောက်လာရင် ကားဘယ်နားရပ်လဲ။ ပြည်သူလွတ်၊ မလွတ်လည်း ကျနော်တို့စဉ်းစားရတယ်။ ကားရပ်တာကလည်း ကျနော်တို့မိုင်းကွင်းတည့်တည့်အပေါ် ကျသွားတာတော့ဆိုတော့ တော်တော်ထိခိုက်သွားတာ “ လို့ Bagan-Nyaung -U Special Task Force (ပုဂံ-ညောင်ဦးမြို့နယ် အထူးတိုက်ခိုက်ရေးအဖွဲ့) ရဲဘော်အက္ခရာက ပြောပါတယ်။

မိုင်းဖောက်ခွဲခံရတဲ့ယာဉ်ပေါ်မှ ညောင်ဦးမြို့အခြေစိုက် ခမရ ၄၁၅ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ခန့်ဦး ပါရှိတာဖြစ်ပြီး ၎င်းတို့အနက် တပ်ကြပ်အဆင့်ရှိသူ အောင်စိုးမိုး ‌ဗိုက်ပွင့်ထွက်ဒဏ်ရာတွေနဲ့ မနေ့ ညနေပိုင်းမှာ သေဆုံးခဲ့ကာ အခြားစစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးလည်း ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီးနောက် အရေးပေါ် ဆေးရုံတင်ကုသနေရာကနေ ဒီနေ့မှာ ထပ်မံသေဆုံးတယ်လို့ မြေပြင်သတင်းပေးချက်တွေကို ကိုးကားပြီး သူက ပြောပါတယ်။

“ နောက်ထပ် ၂ ယောက် ထပ်သေတယ်လို့ ကြားတယ်။ ကားနဲ့လာတာက ၇ ယောက်လောက်ပါတာ။ ကျန်တဲ့ကောင်တွေလည်း ဒဏ်ရာပြင်းထန်တယ်” လို့ ရဲဘော်အက္ခရာက ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ညောင်ဦးမြို့နယ်အားကစားကွင်းအနီး စစ်တပ်လုံခြုံရေးယာဉ် မိုင်းခွဲခံရတာကြောင့် တပ်ကြပ် အောင်စိုးမိုး သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိတယ်လို့ ဖော်ပြထားပါတယ်။

မိုင်းပေါက်ကွဲမှုပြီးနောက် မနေ့ညပိုင်းအချိန်အထိ ညောင်ဦးမြို့တမြို့လုံးကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပြီး ပျက်စီးသွားတဲ့ စစ်ကောင်စီတပ်သုံး Double Cab ကားကိုတော့ အခင်းဖြစ်ရာနေရာကနေ ကရိန်းကားနဲ့ တပ်ထဲပြန်သယ်သွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Bagan-Nyaung-U Special Task Force (ပုဂံ-ညောင်ဦးမြို့နယ်အထူးတိုက်ခိုက်ရေးအဖွဲ့) နဲ့ Pakokku - Special Task Force (ပခုက္ကူမြို့နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်ကလည်း မြိုင်မြို့နယ် အနောက်ဘုန်းကန်ရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို Bagan-Nyaung-U Special Task Force (ပုဂံ-ညောင်ဦးမြို့နယ် အထူးတိုက်ခိုက်ရေးအဖွဲ့) အဖွဲ့က တာဝေးပစ်ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - မိုင်းခွဲခံခဲ့ရသည့် စစ်တပ်သုံး Double Cab ယာဉ်။ (ပုံ - စစ်ကောင်စီတယ်လီဂရမ်)

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ 

#ညောင်ဦး #စစ်ကောင်စီ #လုံခြုံရေးယာဉ် #မိုင်းခွဲခံရ #သေဆုံးမှု #တပ်ကြပ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10