တကန်သာရွာ လေကြောင်းတိုက်ခိုက်မှု ၁ ဦးဒဏ်ရာရပြီး အိမ် ၉ လုံးမီးလောင်၊ လေယာဉ်ထပ်ဝဲလို့  ရွာထဲမဝင်ရဲသေး

တကန်သာရွာ လေကြောင်းတိုက်ခိုက်မှု ၁ ဦးဒဏ်ရာရပြီး အိမ် ၉ လုံးမီးလောင်၊ လေယာဉ်ထပ်ဝဲလို့  ရွာထဲမဝင်ရဲသေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာကို မနေ့ ဇူလိုင်လ ၁၇ ရက် ညနေပိုင်းက စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုမှာ ရွာခံအမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၉ လုံး မီး လောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီလေတပ် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်တစီးနဲ့ မနေ့ညနေ ၅ နာရီကနေ ၆နာရီ အထိ တကန်သာကျေးရွာကို လှည့်ပတ်ပစ်ခတ်ကာ တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

“နေမကောင်းလို့မပြေးလွှားနိုင်တဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦး ဦးခေါင်းထိမှန်ဒဏ်ရာရတယ်။ နေအိမ်တွေလည်း ထိမှန်ပေါက်ကွဲပြီး မီးလောင်တာ” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မနက် ၉ နာရီဝန်းကျင်မှာ တကန်သာရွာကို  အချိန် ၁၅ မိနစ်ခန့်အကြာ ရဟတ်ယာဉ်နဲ့ ၂ ကြိမ်လှည့်လည်ကြည့်သွားလို့ ဒေသခံတွေရွာထဲပြန်မဝင်ရဲသေးဘူးလို့ ဆိုပါတယ်။

"မနက်က ၈နာရီခွဲလောက်ကလည်း ရဟတ်ယာဥ်လာဝဲသွားလို့ ဒေသခံတွေလည်းရွာထဲမဝင်ရဲဘဲ စောင့်ကြည့်နေကြတုန်းပဲ" လို့ ပြောပါတယ်။

ရွှေဘိုမြို့ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ကထွက်လာတဲ့ ပျူစောထီးတွေပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်ပေါင်းစုတို့ ယမန်နေ့ နေ့လည် ၁၁ နာရီကနေ ၁၂ နာရီဝန်း ကျင်အထိ တကန်သာကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာပဲ စစ်တပ်ကရဟတ်ယာဥ်နဲ့ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

လက်ရှိမှာ  အဲဒီစစ်ကြောင်းဟာ ရွှေဘိုမြို့နယ်ကနေ ဝက်လက်မြို့နယ်၊ ဟန်လင်းမြို့ဟောင်းက အထိုင်ချထားတဲ့ စစ်တပ်ဘက်ကို ထွက်ခွာသွားတယ်လို့သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီတပ် #လေကြောင်းတိုက်ခိုက် #လူထိခိုက်မှု #နေအိမ်မီးလောင် #တိုက်ပွဲဖြစ်ပွား

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10