တက်မရေနံမှော် ရေနံတွင်းလုပ်သားတွေ စားဝတ်နေရေးခက်ခဲနေ

တက်မရေနံမှော် ရေနံတွင်းလုပ်သားတွေ စားဝတ်နေရေးခက်ခဲနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တောင်ဘီလေးကျေးရွာအုပ်စုနဲ့ တက်မကျေးရွာအုပ်စု အတွင်းရှိ တက်မအရေနံမှော် ပိတ်သိမ်းခံရပြီး ၃ လကျော်ကြာတဲ့အထိ ပြန်မဖွင့်သေးလို့ တနိုင်တပိုင်ရေနံတွင်းတူးသူတွေနဲ့ ရေနံတွင်းလုပ်သားတွေ စားဝတ်နေရေးခက်ခဲနေတယ်လို့ ရေနံတူးလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။

တပိုင်တနိုင်ရေနံတူးသူတွေအနေနဲ့ အခြားလုပ်ငန်းသစ် ပြန်လည်လုပ်ကိုင်ဖို့ ငွေကြေးအရင်းအနှီးနည်းပါးတာနဲ့ ဒေသအတွင်း အလုပ်အကိုင်ရှားပါးတာတွေကြောင့် အခက်တွေ့နေရပြီး ရေနံတွင်းလုပ်သားတွေမှာလည်း ရရာအလုပ်တွေကို လုပ်ကိုင်နေကြပေမယ့်  အခြေခံစားကုန်တွေ စျေးနှုန်းကြီးမြင့်တာကြောင့် စားဝတ်နေရေးခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

"ရေနံမှော်ပိတ်ထားခံရလို့ ရေနံတူးသူတွေနဲ့ ရေနံတွင်းလုပ်သားတွေ တော်တော်ခက်ခဲနေကြတယ်" လို့ တက်မရေနံမှော်မှာ ရေနံတူးဖော်လုပ်ငန်းလုပ်ကိုင်ခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။

တနိုင်တပိုင်ရေနံတူးသူတွေနဲ့ လုပ်သားတွေကတော့ ရေနံမှော် ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးဖို့ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။

"ဒေသနေပြည်သူတွေက အလုပ်အကိုင်မရှိ။ ဝင်ငွေက မရှိရင်ဘာဆက်လုပ်ကြမလဲ။ ခုလိုပိတ်ထားတာက ဒေသခံတွေကို အလုပ်လက်မဲ့ဖြစ်စေပြီး နိုင်ငံအတွက်လည်း ကောင်းကျိုးထက်ဆိုးကျိုးပဲ ပိုဖြစ်စေမှာ"လို့ အဆိုပါ လုပ်ငန်းလုပ်ကိုင်သူက ဆက်ပြောပါတယ်။

ရေနံတွင်းလုပ်သားတွေအနေနဲ့ ဝမ်းစာရေးဖြေရှင်းနိုင်ဖို့ ကြုံရာကျပန်းအလုပ်တွေမှာ နေ့စားအငှား လိုက်လုပ်ကြပေမယ့် လူတိုင်းအလုပ်မရနိုင်တာ၊ လုပ်ခနည်းပါးတာတွေကြောင့် စားဝတ်နေရေး အဆင်မပြေကြဘူးလို့ဆိုပါတယ်။

ဒေသတွင်းမှာ ကောက်စိုက်၊ ပဲစိုက်တာအပါအဝင် တခြားအထွေထွေအလုပ်တွေကို နေစားအငှားလိုက်ပါက တရက်နေ့စားခ ကျပ် ၅၀၀၀ ဝန်းကျင်သာ ရရှိလို့ လက်ရှိမြင့်တက်နေတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကြောင့် ခက်ခဲနေကြရတာပါ။

စစ်ကောင်စီက  တက်မရေနံမှော်ထဲရှိ လုပ်ကွက်အားလုံးပိတ်သိမ်းပြီး ထွက်ခွာရမယ်လို့ မေလနောက်ဆုံးအပတ်က အမိန့်ထုတ်လိုက်လို့ ရေနံတွင်းလုပ်ငန်းရှင်၊ ဈေး ရောင်း၊စျေးဝယ်နဲ့ ရေနံတွင်းလုပ်သားတွေ အပါအဝင် မှော်အတွင်းလုပ်ကိုင်နေသူအားလုံး နေရပ်ပြန်ကြရလို့ လုပ်သားပြည်သူ တသန်းကျော် အလုပ်လက်မဲ့တွေဖြစ်သွား ရပါတယ်။

တက်မရေနံမှော်ထဲမှာ ရေနံတွင်းတနိုင်တပိုင်တူးသူ ၃၀၀ အထက်ရှိပြီး လုပ်ကွက်ကြီးတွေနဲ့ လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၅ ခုထက်မနည်းရှိတာကြောင့် ရေနံတွင်းပေါင်း ၁၀၀၀ ကျော်တာဖြစ်ပြီး တက်မရေနံမှော်ထဲမှာ လုပ်ကိုင်နေကြသူ လုပ်ငန်းရှင်၊ လုပ်သားအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ ညောင်ဦးနယ် ဒေသခံတွေဖြစ်ကာ ကျန် ၂၀ ရာ ခိုင်နှုန်းဟာ အခြားဒေသက လာရောက်လုပ်ကိုင်သူတွေလို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #ညောင်ဦး #တက်မရေနံမှော် #ရေနံတွင်းလုပ်သား #စားဝတ်နေရေး #အခက်တွေ့ #စစ်ကောင်စီ #ပိတ်သိမ်းမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10