တညောင်ရဲစခန်းက အမျိုးသမီးဒုရဲအုပ် ပစ်ခတ်ခံရပြီသေဆုံး

တညောင်ရဲစခန်းက အမျိုးသမီးဒုရဲအုပ် ပစ်ခတ်ခံရပြီသေဆုံး

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ကျေးရွာစျေးအနီးမှာ တညောင်ရဲစခန်းက အမျိုးသမီး ဒုရဲအုပ်  ပစ်သတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အသက် ၃၀ ဝန်းကျင်ရှိ ဒုရဲအုပ် လဲ့လဲ့စိုး (ခ) ဝက်မ ဆိုသူကို ဖေဖော်ဝါရီ ၄ ရက်မနက် ၈ နာရီကျော်မှာ တညောင်ရဲစခန်းကနေစျေးကိုထွက်လာချိန် စျေးအနီးမှာပစ်ခတ်ခဲ့တာ ဆိုပါတယ်။

"စခန်းကနေ စျေးကိုလာပြီး စျေးနားအရောက်မှာ ပစ်သတ်ခံရတာ။ ဆိုင်ကယ်နဲ့လာတယ်။ အရပ်ဝတ်နဲ့။ သူက လိုင်းကြေးလာကောက်တဲ့အချိန်မှာပစ်ခံရတာ။ စျေးလာဝယ်တာတော့ မဟုတ်ဘူး"လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဒုရဲအုပ် လဲ့လဲ့စိုး (ခ) ဝက်မ မှာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ ပစ်ခတ်ခံရတဲ့နေရာတင်သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုကို စလင်းပကဖ ဇုန် ၃ တပ်ဖွဲ့ဝင်တွေက ပတ်ကင်းလုပ်နေချိန်မှာတွေ့ရှိပြီး ပစ်ခတ်ခဲ့တာလို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

"တညောင်ဈေးအနီးမှာ ကျနော်တို့ ရဲ‌ဘော်‌တွေကင်းလှည့်ပတ်ရင်း ပစ်ခတ်ရှင်းလင်းခဲ့တာဗျ။ ဒီလောက်ဘဲ ပြောလို့ရဦးမယ်"လို့ စလင်းမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲတွေဟာ စျေးအနီးကိုရောက်လာပြီး စစ်ဆေးမှုပြုလုပ်ကာ အလောင်းကိုတော့ရဲစခန်းဘက်ပြန်သယ်သွားတယ်လို့ဆိုပါတယ်။

အဲ့ဒီနောက်ပိုင်း တညောင်ရဲစခန်းကိုပိတ်ပြီး တညောင်-မြို့လှလမ်းပိုင်းကိုလည်း ပိတ်ချကာ ဒေသခံတွေကိုသွားလာခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် မတ် ၁၈ ရက်ကလည်း စလင်းမြို့နယ်၊ ပခက်တိုင်ရွာမှာ စစ်မှုထမ်းဖို့ အသံချဲ့စက်နဲ့လိုက်အော်နေတဲ့ ပခက်တိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထူး ဆိုသူလည်းပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #စလင်း #ဒုရဲအုပ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10