တန့်ဆည်နဲ့ရေဦးနယ်က ကျေးရွာ ၁၇ ရွာကို စစ်ကောင်စီမီးရှို့လို့ နေအိမ် ၈၄၈ လုံးပြာကျပျက်စီး

တန့်ဆည်နဲ့ရေဦးနယ်က ကျေးရွာ ၁၇ ရွာကို စစ်ကောင်စီမီးရှို့လို့ နေအိမ် ၈၄၈ လုံးပြာကျပျက်စီး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နဲ့ ရေဦးမြို့ နယ်က ကျေးရွာ ၁၇ ရွာကို စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၁၀၀ ကျော်လောက်က ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ ၂၂ ရက် ဒီကနေ့မနက်ပိုင်းအချိန်ထိ မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

တန့်ဆည်မြို့နယ်မှာ ဒီဇင်ဘာ ၄ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ မီးရှို့ဖျက်စီးခံလိုက်ရတဲ့ကျေးရွာတွေကတော့ သာခေါင်ကြီးရွာနေအိမ် ၇၆ လုံး၊ ကမ်းဖြူရွာ နေအိမ် ၄၀ လုံး၊ ဝက်တိုးရွာ ၁၇ လုံး၊ ပုတီးရွာ ၆ လုံး၊ ပေချောင်ရွာ ၉၇ လုံး ၊ ထန်းကုန်းကြီးရွာ ၇၅ လုံး၊ မူးကျင်းစုရွာ ၇၃ လုံး၊ သာဂလရွာ ၄၁ လုံး၊ သာဂရရွာ ၁၁၇ လုံး၊ ထန်းပင်ကုန်းရွာ ၂၉ လုံး၊ ရွာရှည်(မ)ရွာ ၆ လုံး၊ ဂွေးကုန်းရွာ ၁၀ လုံး၊ ဖလံချိုင်ရွာတို့မှ ဆန်စက်ဆီစက်တွေ လည်းပါဝင်ပြီး စုစုပေါင်း အိမ်ခြေ ၈၄၈ လုံး ပြာကျပျက်စီးခဲ့တယ် လို့ ရေဦးမြို့ ပကဖ/ပလဖ ရဲဘော်အမေ့သား ကပြောပါတယ်။

"ဒီစကစတွေက ကန့်ဘလူနယ်ဘက်ကနေ စထွက်လာတာက ၁၈၀ လောက်ပါမယ်ဗျ။၈၀ လောက်က ကန့်ဘလူနယ်ဘက် ပြန်ဝင်သွားတယ်ဗျ။ ၁၀၀ လောက်က တန့်ဆည်နယ်နဲ့ အခုရေဦးနယ်ကိုဝင်လာပြီး ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မီးရှို့တာပါ။ အခုတော့ ပျက်စီးအခြေအနေကိုမသိရသေးဘူးဗျ။ စကစတွေကရွာထဲမှာဘဲရှိသေးတယ်။အပျက်အဆီးများနိုင်ပါတယ်။ ရွာဗုကြီး၊ ကလှဇဥ်၊ ပေကုန်း၊ ကြိုတိမ်ရွာတွေက ကပ်ရက်တွေပါဗျ" လို့ဆိုပါတယ်။

တပ်မ (၃၃) လက်အောက်ခံ ခမရ ၃၆၁ နဲ့ ၃၆၉ တပ်ရင်းတွေက စစ်ကောင်စီတွေနဲ့ဗျူစောထီးတွေ အင်အား ၁၀၀ကျော်က စစ်ကြောင်း ၂ကြောင်းနဲ့ ရေဦးမြို့နယ်က ကျေးရွာ ၄ ရွာဖြစ်တဲ့ ရွာဗုကြီး၊ ပေကုန်း၊ ကလှဇဥ်၊ ကြိုတိမ်ရွာတွေကို ဒီဇင်ဘာလ ၂၂ ရက်ဒီကနေ့မနက်ပိုင်းမှာ မီးရှို့ဖျက်စီးနေတယ်လို့ ရဲဘော်အမေ့သားက ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်ကစလို့ အခု၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်အထိ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၂၀၁၅၃ လုံး၊ မကွေးတိုင်းက နေအိမ်ပေါင်း ၅၄၁၈ လုံး၊ ချင်းပြည်နယ်က နေအိမ်ပေါင်း ၁၄၁၇ လုံးနဲ့ တခြားမြို့နယ်တွေက နေအိမ်ပေါင်း ၁၄၀၀ လုံးတို့ကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်စီးခဲ့တယ်လို့ Data For Myanmar ရဲ့အချက်အလက်မှတ်တမ်းအရ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10