တန့်ဆည်နဲ့ရေဦးမှာ စစ်ကောင်စီတပ်က အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေ၊ အမျိုးသား ၁ဦးပစ်သတ်ခံရပြီး ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေရ

တန့်ဆည်နဲ့ရေဦးမှာ စစ်ကောင်စီတပ်က အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေ၊ အမျိုးသား ၁ဦးပစ်သတ်ခံရပြီး ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အား ၃၀၀ ကျော်သုံးပြီး စစ်ကြောင်းထိုးဝင်ရောက်နေရာ အမျိုးသား ၁ ဦး ပစ်သတ်ခံရပြီး ဒေသခံပြည်သူ ၁ သောင်းကျော်ထွက်ပြေးနေကြရတယ်လို့​ People's Defense Comrade ထံကသိရပါတယ်။

ကန့်ဘလူဘက်ကနေ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ၂၃ ရက်ဒီနေ့မနက်မှာ တန့်ဆည်မြို့နယ်တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေသလို ရေဦးမြို့ပေါ်က အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်သားတွေကလည်း ရေဦးမြို့နယ်မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

"ဒီစစ်ကြောင်း ၂ကြောင်းက မနေ့က(၂၂ ရက်) စလို့ ပြိုင်တူထွက်လာတာပဲ။ ဒီနေ့မှာစထိုးနေတာ။ ရွာတွေကိုမီးရှို့တာတွေတော့ မတွေ့ရသေးဘူး။ ရေဦးမြောက်ဘက်ခြမ်းနဲ့ တန့်ဆည်တောင်ဘက်ခြမ်းကကျေးရွာပေါင်း ၂၀ လောက် ပြေးနေကြရတယ်" လို့​ ရေဦးမြို့နယ်အခြေပြု People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က သေနတ်ပစ်ခတ်ခဲ့လို့ တန့်ဆည်မြို့နယ်၊ ရွှေတံကျေးရွာက အသက်၅၀ အရွယ် ဦးမောင်ပြား သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ရွာထဲဝင်လာချိန် ရွာအပြင်ဘက်မှာ စစ်ကြောင်းနဲ့တွေ့ပြီး ပစ်သတ်ခံလိုက်ရတာလို့ ကိုထူးခန့်ဇော်က ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေဟာ တန့်ဆည်မြို့နယ်က ရွှေတံကျေး၊ ခပေါင်းကြိုင်၊ ချောင်းရိုး၊ ဖန်းခါးဇင်၊ စိမ်းစား၊ ဒယ်ရောက်၊ အောင်သာစတဲ့ကျေးရွာတွေနဲ့ ရေဦးမြို့နယ်က ကန်ပေါက်၊ ပန်းကုံး၊ ဖလံဂုဏ်၊ ဗိုလ်ရုံ၊ ဆပ်သေ၊ အင်တော၊ လှည်းသွင်း၊ ပုဏ္ဏကား၊ တူမောင်း၊ ရွာသာယာစတဲ့ ကျေးရွာတွေက ဖြစ်ကြပါတယ်။

စက်တင်ဘာ ၂၂ ရက်က တန့်ဆည်မြို့ပေါ် စစ်ကောင်စီတပ်စွဲထားတဲ့ အစိုးရရုံး ၃ ရုံးနဲ့ စက်သုံးဆီဆိုင်တိုက်ခိုက်ခံရတာကြောင့် အခုလိုစစ်ကြောင်းထိုးနေကြတာဖြစ်ပြီး လက်ရှိမှာ ရေဦးဘက်ကစစ်ကြောင်းဟာ ပုဏ္ဏကားကျေးရွာကို ရောက်ရှိနေသလို တန့်ဆည်စစ်ကြောင်းကတော့ ရွှေတံကျေးရွာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ယမန်နေ့စက်တင်ဘာ ၂၂ ရက်မနက်ပိုင်းကလည်း စစ်ကောင်စီတပ်က တန့်ဆည်နယ်အရှေ့ခြမ်း၊ အက်တောနဲ့ သဲကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ပုံစာ - စက်တင်ဘာ၂၃ ရက် ယနေ့ ထွက်ပြေးနေကြရသည့် ရေဦးဒေသခံများ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကောင်စီစစ်ကြောင်းထိုး #ဒေသခံပြည်သူ #စစ်ရှောင် #စစ်ကိုင်းတိုင်း #တန့်ဆည် #ရေဦး #ပစ်ခတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10