သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အနောက်ခြမ်းက ဇီးပေါက်ကျေးရွာကို စစ်ကောင်စီက ၁ ညတည်း လေကြောင်းနဲ့ ၃ ကြိမ်၊ ဗုံးအလုံး ၂၀ နီးပါးကြဲချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၄ ရက် မနေ့ည ၉ နာရီဝန်းကျင်က မိတ္ထီလာရှမ်းတဲလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး စတင်ကြဲချခဲ့ကာ ကျေးရွာထဲက ၂ ထပ်စာသင်ကျောင်းဆောင်ပေါ် ကျရောက်ခဲ့ပါတယ်။ အဲ့ဒီနောက် ည ၁၀ နာရီခွဲ ဂျက်ဖိုက်တာနဲ့ ၁ ကြိမ်၊ ည ၁၁ နာရီ ဝန်းကျင်မှာလည်း တံတားဦး လေတပ်ဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ တပြိုင်တည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“တစီးပြီး တစီးတက်လာပြီး တလုံးပြီးတလုံး ကြဲသွားတာပါ၊ အကုန်လုံး ပွစာလန်ကျဲနေအောင် ကြဲသွားတာ၊ ပထမဆုံး တလုံးကြဲလိုက်တော့ ရွာထဲမှာ မနေရဲတော့ဘဲ ကြောက်တော့ တောပြေး တောင်ပြေး ပြေးကြတဲ့အချိန်မှာ မီးရောင်မြင်တော့ အပေါ်က Y12 (ကင်းထောက်လေယာဥ်) က ဝဲနေတာနဲ့ဆိုတော့ ပတ်ကြဲလိုက်ပတ်ပစ်လိုက် ပစ်နေတာ။”လို့ ဇီးပေါက်ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီကြဲတဲ့ ဗုံးသီးတွေက ကျေးရွာအနောက်ဘက် မီတာ ၃၀၀ ခန့်မှာ ၁လုံး၊ ကျေးရွာ တောင်ဘက် ဘုန်းကြီးကျောင်းက ဆွမ်းစားဆောင်မှာ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သလို ကျေးရွာ အရှေ့မြောက်ဘက်ခြမ်းက နေအိမ်တွေပေါ်ကိုလည်း ဗုံးကျလို့ နေအိမ် ၈ လုံးပျက်စီးကာ နွား ၃ ကောင်သေဆုံးခဲ့ပြီး ၁ ကောင်ကတော့ တစစီဖြစ်သွားတယ်လို့ ဆိုပါတယ်။
“ဖိုက်တာက ၃ ကြိမ် ၆လုံးကြဲတယ်ပဲ ထားလိုက်ဦး၊ Y 12 တွေရော နောက်ဆုံးပစ်သွားတဲ့ ရော့ကတ် ဆိုလို့ရှိရင် ကျနော်ကြားလိုက်တာကို ၆ လုံး ၇ လုံးလောက် ဆက်တိုက်ကြားလိုက်တာဗျ၊ တဘရိတ်ထဲကို ပစ်သွားတာ၊ ညကပစ်ကြဲသွားတာဆို အနည်းဆုံး ၂၀ အထက်မှာပဲ ရှိတယ်ဗျ။”လို့ ဇီးပေါက်ဒေသခံတဦးက ပြောပါတယ်။
ည ၈ နာရီခွဲဝန်းကျင်ကတည်းက Y12 ကင်းထောက်လေယာဥ်က ရွာတဝိုက်မှာ ပျံသန်းနေတာဖြစ်ပြီး ည ၁၁ နာရီကျော် နောက်ဆုံးတိုက်ခိုက်မှုပြီးမှ ပြန်ခွာသွားတယ်လို့ ဆိုပါတယ်။
လက်ရှိ လေကြောင်းရန်ကြောင့် ဇီးပေါက်ရွာနဲ့ ကံလေးကုန်းရွာက ပြည်သူ ၅၀၀ ကျော် စစ်ရှောင်နေရပြီး ဇီးပေါက်ကျေးရွာတောင်ဘက် မီတာ ၁,၀၀၀ လောက်မှာ ရော့ကတ် ၃ လုံး၊ မီတာ ၁,၂၀၀ လောက်မှာ ရော့ကတ် ၂ လုံး မပေါက်ကွဲသေးဘဲ ကျန်နေသေးတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #တန့်ဆည် #လေကြောင်းတိုက်ခိုက်
Share Share Share