တန့်ဆည်မှာ စစ်ကောင်စီသတ်လို့ PDF ၄ ဦးနဲ့ ပြည်သူ ၅ ဦး သေဆုံး

တန့်ဆည်မှာ စစ်ကောင်စီသတ်လို့ PDF ၄ ဦးနဲ့ ပြည်သူ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး သတ်ဖြတ်လို့ မေလနောက်ဆုံးပတ်နဲ့ ဇွန်ပထမပတ်တွင်း ပြည်သူ ၅ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၂၇ ရက်မှာ ကန့်ဘလူကနေ ထွက်လာတဲ့ ခမရ ၃၆၁ နဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့က တန့်ဆည်အရှေ့ ခြမ်းကို စစ်ကြောင်းထိုးကာ ညောင်လေးပင်ရွာသား ကိုမြင့်နိုင် အသက် ၅၃နှစ်၊ ကိုအောင်မြင့်ထွန်း အသက် ၃၇ နှစ်၊ ရွှေတကျေးရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ ကိုငွေတိုးဆိုသူ အမျိုးသားတဦးနဲ့ တုတ္တလုပ်မြောက်ရွာက အသက် ၅၁ နှစ်အရွယ် ဒေါ်မြင့်သန်းတို့ကို သတ်ဖြတ်ကာ မေ ၃၀ ရက်မှာ ကန့်ဘလူဘက်ကို ပြန်ဆုတ်ခွာသွားခဲ့ပါတယ်။

ဇွန် ၆ ရက်မှာ ခမရ  ၃၆၁ နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၆၀ ခန့်က တန့်ဆည် အရှေ့မြောက်ခြမ်းကို ဒုတိယအကြိမ် စစ်ကြောင်းထိုးကာ အိုးသည်ကုန်းရွာကို ဝင်ရောက်ခဲ့ပြီး အိုးသည်ကုန်းရွာသား အသက် ၄၆ နှစ်အရွယ် ကိုကျော်နိုင်ကို သတ်ဖြတ်ကာ ၈ ရက်မှာ ကျွန်းလယ်ပျူစောထီးရွာကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

“အိုးသည်ကုန်းရွာ ဘုန်းကြီးကျောင်းမှာ ညအိပ်တယ်၊ နောက်ရက်  စစ်ကြောင်း‌ပြန်ခေါက်သွားမှ ပြည်သူ သတ်ထားခဲ့မှန်း သိတယ်၊ ၂၇ ရက်ကနေ ၆ ရက်နေ့အတွင်း တန့်ဆည်အရှေ့ခြမ်းကတင် ပြည်သူ ၅ယောက် အသတ်ခံရတယ်။” လို့ တန့်ဆည်ဒေသခံတဦးက ပြောပါတယ်။

ဇွန် ၇ ရက်မှာ တန့်ဆည် အနောက်ခြမ်း ဝါးရငယ်၊ ခနုဆည်၊ ရွာသစ်ရွာတွေဘက်ကို တပ်မ ၃၃၊ ခမရ ၁၀၁၊ ပျူစောထီး ပူးပေါင်းအင်အား ၁၈၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာကာ မနက် ၂ နာရီမှာ ကာကွယ်ရေး ရဲဘော်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ဒေသကွပ်ကဲမှုအောက်မှာရှိတဲ့ ခရိုင်ရင်းတွေထဲက ရဲဘော် ၂ ဦး ကျဆုံး ခဲ့တယ်လို့ ဆိုပါတယ်။

“မနက် ၂ နာရီလောက်ဖြစ်တဲ့ တိုက်ပွဲမှာ တယောက်ကျတယ်၊ ဒဏ်ရာရလာတဲ့ တယောက်ကလည်း အဲ့နေ့မှာပဲ ဆုံးသွားတာဆိုတော့ ၂ ယောက်ကျ ဖြစ်သွားတယ်။” လို့ ဒေသခံ ရဲဘော်တဦးက ပြောပါတယ်။

အဆိုပါ စစ်ကြောင်းဟာ နေ့လယ်ပိုင်းမှာ အဲ့ဒီရွာတွေကနေ အင်တခါးရွာဘက်ကို စစ်ကြောင်းဆက် ထွက်လာခဲ့ ပြီး ရွှေဘိုတပ်ရင်း ၇ က ရဲဘော် ၂ ဦးနဲ့ ထိပ်တိုက်တိုးကာ ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။

တန့်ဆည်မှာ မေလနောက်ဆုံးပတ်နဲ့ ဇွန်လ ပထမပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေကြောင့် ပြည်သူ ၅ ဦးနဲ့  ရဲဘော် ၄ ဦး သေဆုံးထားတာလည်း ဖြစ်ပါတယ်။ 

အခုလက်ရှိ စစ်ကောင်စီတပ်တွေဟာ တန့်ဆည် အရှေ့တောင်ခြမ်း အက်တော၊ သဲကုန်းရွာဘက်မှာ အင်အား ၆၀ ဝန်းကျင်နဲ့ စစ်ကြောင်းတကြောင်း၊ တန့်ဆည် အရှေ့မြောက်ခြမ်းမှာ အင်အား ၇၀ ဝန်းကျင်နဲ့ စစ်ကြောင်း တကြောင်း၊ တန့်ဆည်မြို့ အနောက်ဘက် ၂ မိုင်ဝန်းကျင်မှာ အင်အား ၁၈၀ ဝန်းကျင်နဲ့ တကြောင်း ရှိနေတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီသတ်ဖြတ်ခဲ့တသည့် အသက် ၅၃နှစ်အရွယ် ကိုမြင့်နိုင်အလောင်းကို တွေ့ရစဉ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #တန့်ဆည်မြို့ #စစ်ကြောင်း #သတ်ဖြတ် #ပြည်သူ #ရဲဘော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10