တန့်ဆည်မှာ ရပ်ကျေး ပကဖ၊ ပအဖ ၂ ဦးအပါ ပြည်သူ ၁၁ ဦးကို စစ်တပ်က အပိုင်းပိုင်းခုတ် သတ်ဖြတ်

တန့်ဆည်မှာ ရပ်ကျေး ပကဖ၊ ပအဖ ၂ ဦးအပါ ပြည်သူ ၁၁ ဦးကို စစ်တပ်က အပိုင်းပိုင်းခုတ် သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီက ရပ်ကျေး ပကဖနဲ့ ပအဖ တာဝန်ခံ ၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးကို အပိုင်းပိုင်းခုတ်ကာ သတ်ဖြတ်ခဲ့ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း လှောင်ပြောင်စရာတွေ ပြုလုပ်ထားခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်မှာ တန့်တည်မြို့နယ်ထဲက ပူးပေါင်းအင်အား ၃၅ ယောက်ခန့်ရှိတဲ့ ကံထူးမရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းနဲ့ ဘန်ကာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်မှာ စစ်ကောင်စီလက်အောက်ခံ ခမရ ၇၀၈၊ ခလရ ၁၁ စစ်ကြောင်းနဲ့ ဝါသဝ လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ စုစုပေါင်း အင်အား ၂၀၀ လောက်က တန့်ဆည်မြို့နယ်ထဲကကျေးရွာတွေကို အခုလို ရွာစဉ်လှည့်သတ်ဖြတ် မီးရှို့နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ရပ်ကျေး တာဝန်ခံ ၂ ဦးကလွဲရင် ကျန်တာ လက်လုပ်လက်စား ပြည်သူတွေပါ။ ဖမ်းထားတဲ့ အကျဉ်းသားတွေပါမချန် ရက်ရက်စက်စက် သတ်သွားတာ။ ပြည်သူတွေကိုလည်း PDF လို့ ခေါင်းစဉ်တပ်ပြီး ခုတ်ထစ် သတ်ဖြတ်နေတာ။” လို့ ဒေသခံတဦးက ပြောပါတယ်။

မတ် ၁ ရက်မှာ ရွာသစ်ကုန်းရွာက ဦးဆန်းပို အသက် ၄၅နှစ်၊ အင်ပင်အိုင်ရွာက ကိုဝေယံထက်(ခေါ်) တိုးကြီး အသက် ၂၅ နှစ်၊ ဇီးပေါက်ရွာက ဦးငြိမ်းချို အသက် ၄၉နှစ်၊ ဦးဌေးအောင် အသက် ၅၀၊ ပန်းတိမ်ကုန်းရွာက ဦးဇော်မိုးဦး အသက် ၄၃နှစ်တို့ ၅ ဦးကို ဓားနဲ့ခုတ်ကာ သတ်ဖြတ်သွားခဲ့ပါတယ်။

ဒါ့အပြင် မတ် ၁ ရက်မှာ စစ်တပ်ကဖမ်းဆီးထားတဲ့ ပြည်သူ ၂ ဦးဖြစ်တဲ့ ကိုဆွေလင်း (ခေါ်) တင်မောင်လင်း အသက် ၃၀ နှစ်၊ ကိုမင်းဟန် အသက် ၄၀ နှစ်တို့ကို ခေါင်းနဲ့ ခြေလက်တွေဖြတ်ကာ သတ်ထားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်က အသက် ၃၀ အရွယ် ဆူးပါကုန်းရွာသား ဦးဖိုးကို ကို လည်လှီးသတ်ဖြတ်သွားပြီး ဖေဖော်ဝါရီ ၂၄ ရက်မှာလည်း စစ်ရှောင်တဲမှာနေထိုင်တဲ့ အသက် ၇၀ အရွယ် ဝါးရငယ်ရွာသား ဦးဝေကို ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ်ကာ ရွှေငွေတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်မှာ ငနုချောင်းအုပ်စု၊ ခနောရွာသစ်က ရပ်ကျေးပအဖတာဝန်ခံ ကိုဝင်းနိုင် အသက် ၅၀နဲ့ ရပ်ကျေး ပကဖတာဝန်ခံ ဦးရှမ်း၊ ၅၂ နှစ်တို့ ၂ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

စစ်ကောင်စီစစ်ကြောင်း အဲဒီလို ရွာစဉ်လှည့်သတ်ဖြတ်သွားတဲ့အခါမှာ လူတွေကို ခြေထောက်၊ လက်နဲ့ ခေါင်းတွေကို ဖြတ်တောက်တာ၊ ဗိုက်ဖောက် အူထုတ်ပြီး ခန္ခာကိုယ်အစိတ်အပိုင်းတွေကို လှောင်ရယ်စရာအဖြစ် ပြုမှုခဲ့ကြတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။ 

မြေလတ်အသံက ရရှိတဲ့ မှတ်တမ်းဓာတ်ပုံတွေမှာလည်း အမျိုးသားတဦးရဲ့ ခေါင်းကိုဖြတ်ကာ ပါးစပ်မှာ ဆေးလိပ်တပ်ပေးထားပြီး အသည်းတွေကိုလည်း အဲဒီဦးခေါင်းအရှေ့မှာ ပုံတာ၊ ဆောင်းဘောက်တွေချထားပြီး ဖြတ်တောက်ထားတဲ့ ခြေထောက်တွေကို ဆောင်းဘောက်တွေနဲ့အတူ ထောင်ထားတာ၊ လူတွေကို ဗိုက်ဖောက်ကာ အတွင်းကလီစာတွေကို ဆွဲထုတ်ဖြန့်ကြဲထားတာ၊ အမျိုးသားအင်္ဂါတွေကို ဖြတ်တောက်ထားတာ၊ ခန္ခာကိုယ်အစိတ်အပိုင်းတွေကို တစစီဖြတ်တောက်ပြီး နေရာအနှံ့မှာ ဖြန့်ကြဲထားတာမျိုးတွေ ပြုလုပ်ထားတာတွေ့ရပါတယ်။ 

အဆိုပါ ပြည်သူတွေကို သတ်ဖြတ်တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဘီလူးစစ်ကြောင်းနဲ့ ငရဲမင်းစစ်ကြောင်းဖြစ်တယ်လို့ ပြည်သူတွေက ပြောဆိုနေကြပါတယ်။

အဲ့ဒီစစ်ကောင်စီ စစ်ကြောင်းဟာ ပြည်သူတွေကို သတ်ဖြတ်ရုံသာမက တန့်ဆည်မြို့ အနောက်ခြမ်းမှာရှိတဲ့ ကံထူးမ၊ သပြေရင်း၊ ကော်တက်၊ ဖိုနှုတ်၊ ရွာသစ်ကုန်း၊ ခနောရွာသစ် စတဲ့ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ပျက်စီးမှု အသေးစိတ်ကတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၃ရက် နေ့လယ်ပိုင်းမှာ တန့်ဆည်မြို့ထဲကို ပြန်လည်ဝင်ရောက်သွားပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက စစ်ကောင်စီနဲ့ ရဲ ပူးပေါင်းအင်အား ၃၅ ယောက်ခန့်ရှိတဲ့ ကံထူးမရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၁ ရက်မှာ ဝင်စီးပြီး ဘန်ကာ ၆ ခုအနက် ဘန်ကာ ၅ ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ ရဲစခန်းကိုလည်း ဘူဒိုဇာနဲ့ ထိုးချ ဖျက်ဆီးနိုင်ခဲ့ပါတယ်။ 

အဲဒီတိုက်ပွဲအတွင်း ရွှေဘိုခရိုင် တပ်ရင်း ၇ က ရဲဘော်တဦး ရဲစခန်းတွင်း ကျဆုံးခဲ့ပြီး အလောင်းကိုတော့ စစ်ကောင်စီက ရသွားကာ စစ်ကောင်စီဘက်ကလည်း ၃၀ ကျော် သေဆုံးပြီး ၄ ယောက်ခန့်သာ အသက်ရှင်လျက် ထွက်ပြေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #တန့်ဆည်မြို့နယ် #စစ်ကောင်စီ #ပကဖ #ပအဖ #ပြည်သူ #သတ်ဖြတ် #ခန္ဓာကိုယ် #လှောင်ပြောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10