တန်ပြန်အာဏာသိမ်းတယ်လို့ သတင်းထွက်ပေါ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးအပါ ၃ ဦးကို ဗိုလ်ချုပ်ကြီးအဆင့်တိုးမြှင့်ပေး

တန်ပြန်အာဏာသိမ်းတယ်လို့ သတင်းထွက်ပေါ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးအပါ ၃ ဦးကို ဗိုလ်ချုပ်ကြီးအဆင့်တိုးမြှင့်ပေး

စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ စစ်ကောင်စီအကြံပေး ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ကို ဗိုလ်ချုပ်ကြီး အဆင့်တိုးမြှင့်ပေးလိုက်တယ်လို့ စစ်တပ်သတင်းထုတ်ပြန်ရေးတယ်လီဂရမ် News Of Myanmar က ဒီကနေ့ ဩဂုတ်လ ၁၆ ရက်မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် ၂၅ ဆင်း ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးဟာ စစ်ဘက်မှာ စစ်ဥပဒေချုပ် ရာထူးရယူထားတာဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှာအတွင်းရေးမှူးဖြစ်ခဲ့ကာ မကြာသေးမီကမှ အာဏာသိမ်းစစ်ခေါင်းဆောင်ကိုထိန်းသိမ်းကာ တန်ပြန်အာဏာသိမ်းတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သူဖြစ်ပေမယ့် ရက်ပိုင်းအတွင်း အဆင့်တိုးမြှင့်ခံခဲ့ရတာပါ။

စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးကတော့ ဗိုလ်သင်တန်း(OTS) အပတ်စဉ် ၇၇ ဆင်း ဖြစ်ပြီး  စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) အရာရှိချုပ်ရာထူးကို ပူးတွဲရယူထားသူ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကတော့ စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ဆင်းဖြစ်ကာ စစ်ခေါင်းဆောင်ရဲ့အကြံပေးဖြစ်သလို စစ်ကောင်စီရုံးဝန်ကြီး ရာထူးလည်းရယူထားပြီး စစ်တပ်ရဲ့အဓိကစီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ဗိုလ်ချုပ်ကြီးအဆင့်မှာ စစ်ကောင်စီရုံးဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်၊ စစ်ကောင်စီအဖွဲ့ဝင်နဲ့ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း/ ရေ/လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် တို့ ၅ ဦး ရှိတာဖြစ်ပြီး အထက်ပါ ဒုတိယဗိုလ်ချုပ်ကြီး ၃ ဦး ဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့်ပေးလိုက်တာကြောင့် လက်ရှိ စစ်ကောင်စီမှာ ဗိုလ်ချုပ်ကြီးအဆင့်ရှိသူ ၈ ဦးအထိ ရှိလာတာလည်းဖြစ်ပါတယ်။

#မြေလတ်အသံ

#အောင်လင်းဒွေး #ရဲဝင်းဦး #ညိုစော #ဗိုလ်ချုပ်ကြီး #အဆင့်တိုး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10