တပူပေါ် တပူဆင့်တဲ့ စစ်ကိုင်းမြို့က ရေဒုက္ခ (ရုပ်/သံ)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ တနေ့ကို မီး ၁ နာရီလောက်သာ လာတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေ ရေအခက်ခဲ ကြုံနေရပြီး သောက်သုံးရေကအစ ရှားပါးနေတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။
မီးမလာတဲ့အတွက် စည်ပင်ရေလည်း မရတော့ဘဲ ရေပြတ်လပ်သွားကာ အဝီစီတွင်းရှိတဲ့ အိမ်တချို့ကတော့ အဆင်ပြေပေမယ့် အများစုက ရေပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
အခု ဧပြီလလယ်ကတည်းက တနေ့လုံးနီးပါး မီးမလာတော့တာကြောင့် လက်ရှိ စစ်ကိုင်းမြို့ပေါ်ရပ်ကွက် ၁၅ ရပ်ကွက်ကျော်လောက်မှာ ရေခက်ခဲမှု ကြုံနေရကာ သုံးရေနဲ့ သောက်ရေအတွက် ပရဟိတကားတွေဆီက ယူပြီး ရေချိုးဖို့ကိုတော့ မြစ်ဆိပ်ကိုသွားကြရတယ်လို့ ဆိုပါတယ်။
မြစ်ဆိပ်ထဲ ရေဆင်းခပ်သူတွေနဲ့ ရေလာချိုးသူတွေ တနေ့ထက်တနေ့ များလာနေသလို ရေနစ်သေဆုံးမှုတွေပါ မကြာမကြာ ဖြစ်လာနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နဲ့ ၂၄ ရက် ကလည်း ရှင်ဖြူရှင်လှ ဘုရားအနီးမှာ ရေဆင်းခပ်တဲ့ ကိုရင်လေး ၂ ပါး ရေနစ်သေဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။
စစ်ကိုင်းမြို့မှာ နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှု ကြုံရပေမယ့် ယခုနှစ်ကတော့ ရေပြတ်လပ်မှု အဆိုးဝါးဆုံးဖြစ်ကာ မြို့ပေါ်ရပ်ကွက်တချို့သာ ပရဟိတအလှူရှင်တွေဆီက ရေရနိုင်ကြပေမယ့် စစ်ကိုင်းမြို့နဲ့ ဝေးလွန်ခေါင်းပါးတဲ့ ရွာတွေကိုတော့ လုံခြုံရေးကြောင့် ရေအလှူကားတွေ မရောက်နိုင်ဘဲ အဲဒီဘက်က ပြည်သူတွေ ရေဒုက္ခကို အဆိုးဝါးဆုံး ခံနေကြတာ ဖြစ်ပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
Share
Share
Share