တပ်ကုန်း ရေဘေးသင့်ရွာတွေကို ရှင်းလင်းမှု လူသေအလောင်း ၄ လောင်း ထပ်မံတွေ့ရှိ

တပ်ကုန်း ရေဘေးသင့်ရွာတွေကို ရှင်းလင်းမှု လူသေအလောင်း ၄ လောင်း ထပ်မံတွေ့ရှိ

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းက ရေဘေးသင့်ရွာတွေကို ရှင်းလင်းရေးဆောင်ရွက်ရာမှာ လူသေအလောင်း ၄ လောင်းနဲ့ ရာနဲ့ချီတဲ့တိရစ္ဆာန်တွေ သေဆုံးနေတာကို ထပ်မံတွေ့ ရှိရတယ်လို့ ပရဟိအဖွဲ့တွေထံက သိရပါတယ်။

စက်တင်ဘာ ၁၉ ရက် ကနေ ၂၂ ရက်အတွင်း တပ်ကုန်းမြို့နယ်အတွင်းရှိ ရှောက်ကုန်း၊ အနော်ရထာရပ်ကွက်၊ ကုလားကုန်း၊ ရွေးစုကျေးရွာတွေကို ရှင်းလင်းရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ  လူသေအလောင်းတွေနဲ့ သေဆုံးနေတဲ့တိရိစ္ဆာန်တွေကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

"တွေ့တဲ့ လူသေအလောင်းတွေကတော့ ဆေးရုံ၊ ရင်ခွဲရုံပို့ပေါ့။ တိရစ္ဆာန်ကတော့ အဲ့အနီးအနားမှာပဲ မီးရှို့ကြရတယ်။ တိရစ္ဆာန်တွေကျတော့ တင်းကုပ်တွေထဲ သေတာလည်းရှိတယ်။ လူသေအလောင်းတွေကျတော့ ရွာခံတွေလည်းပါသလို အခြားကမျောလာတာတွေလည်း ပါတယ်"လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။

၄ ရက်တာ ရှင်းလင်းရေးလုပ်တဲ့အတွင်းမှာ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၃ လောင်းနဲ့ အမျိုးသား ၁ လောင်းတွေ့ရပြီး ရုပ်တွေပျက်နေလို့ ဘယ်သူဘယ်ဝါခွဲခြားမရဖြစ်နေတဲ့အပြင် ရေကြီးနစ်မြုပ်ခဲ့မှုအတွင်းသေဆုံးခဲ့တဲ့  ကျွဲ၊ နွား၊ ဆိတ်၊ ဝက်စတဲ့ တိရစ္ဆာန်အသေ ၁၀၀ ကျော်ကိုလည်း တွေ့ရှိတဲ့နေရာတွေအနီးမှာ မီးရှို့ခဲ့ကြရပါတယ်။

ရေဘေးသင့်ကျေးရွာတွေမှာတော့ အိုးအိမ်၊ အဆောက်အဦတွေများစွာပျက်စီးထားသလို ကျေးရွာလမ်းတွေပေါ်မှာလည်း နုန်းအနယ်တွေတင်ကျန်ရစ်နေလို့ ရွာသားတွေကိုယ်တိုင် ရှင်းလင်းရေးလုပ်နေကြပါတယ်။

ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေစဉ်ကာလ စက်တင်ဘာ ၁၂ ရက်နဲ့ ၁၄ ရက်အတွင်းမှာလည်း တပ်ကုန်းမြို့နယ်ထဲမှာ အမျိုးသမီး၂ ဦးနဲအမျိုးသား ၁ ဦးရေနစ်သေဆုံးခဲ့သေးပြီး ပရဟိတအသင်းဝင်တွေရဲ့ပြောဆိုချက်အရ တပ်ကုန်းရေဘေးလူသေဆုံးမှုတွေဟာ လက်ရှိရုပ်အလောင်းရှာဖွေတွေ့ရှိထားတဲ့ အရေအတွက်တွေထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၁ ရက်မနက် ၁ နာရီခန့်ကစတင်ကာ တပ်ကုန်းမြို့နယ်ထဲက အုန်းပင်၊ ဥသျှစ်ကုန်း၊ သစ်ဆိမ့်ပင်၊ ရှားတုန်းအိုင်၊ မကျီးပင်၊ ညောင်ပင်သာ၊ ရေတွင်းဖြူ၊ လက်ပံကုန်း၊  ရှောက်ကုန်း၊  အောင်မြေကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ ခန့်က နေအိမ်ထောင်ချီနဲ့ လူဦးရေ ၁၀၀၀၀ ကျော် ရေဘေးသင့်ခဲ့ရပါတယ်။

စက်တင်ဘာ ၁၆ ရက်ကစလို့ တပ်ကုန်းမြိုနယ်အတွင်း ရေပြန်ကျခဲ့ပြီး အပျက်အစီးရှင်းလင်းရေးလုပ်ငန်းတွေကို  ဒေသခံတွေနဲ့ပရဟိအဖွဲ့တွေက  စက်တင်ဘာ ၂၃ ရက်အထိ ရှင်းလင်းနေကြရပါသေးတယ်။

စစ်ကောင်စီဘက်ကတော့ ရေကြီးမှုကြောင့် တပ်ကုန်းမြို့နယ် ထိခိုက်ပျက်စီး သေဆုံးစာရင်းတွေနဲ့ပတ်သက်ပြီး အသေးစိတ်သတင်းထုတ်ပြန်တာမျိုးမရှိသေးဘဲ ဖြစ်ပွားခဲ့တဲ့ရေဘေးအတွင်း နိုင်ငံရဲ့မြို့နယ် ၅၆ ခုမှာ လူပေါင်း ၂၉၃ ဦးသေဆုံး၊ ၈၉ ဦးပျောက်ဆုံးတယ်လို့ စက်တင်ဘာ ၁၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#နေပြည်တော် #ရေဘေး #လူ #တိရိစ္ဆာန် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10