တပ်ကြပ်ကြီးအပါ ၃ ဦးသေဆုံးခဲ့ပြီး သေနတ် ၂ လက်ပါရခဲ့တဲ့ ကပစ ၂၃ စစ်စခန်းကုန်းတိုက်ပွဲ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောမြို့အခြေစိုက် ကပစ ၂၃ ရဲ့ အရေးပါတဲ့ ဗျူဟာစခန်းကုန်းတခု ဝင်ရောက်တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးအပါအဝင် ၃ ဦးသေကာ ခဲယမ်းတွေလည်း သိမ်းမိခဲ့တယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

ဩဂုတ် ၂၁ ရက် မနက် ၉ နာရီခွဲဝန်းကျင်က ကပစ ၂၃ နဲ့  ၂ မိုင်ခန့်အကွာက စစ်ကောင်စီစခန်းကုန်းတခုကို ယောကာကွယ်ရေးတပ် YDFရဲ့ ယောနကစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲဖြစ်နေချိန်အတွင်း ကပစထဲကနေလည်း လက်နက်ကြီး ပစ်ကူပေးတယ်လို့ ဆိုပါတယ်။

“လုံခြုံရေးမိုင်းတွေလည်း အထပ်ထပ်ကာထားတယ်။ အဲ့ဒါကို ကျနော်တို့က တက်ပြီးမှ သိမ်းတာပါဗျ။ သူတို့ဘက်က သေတဲ့သူတွေက ဒီတိုင်းပဲ အလောင်းတွေရတယ်။ မသေတဲ့ တချို့ တပ်သားတွေကတော့ လက်နက်တွေ ယူပြီးမှ ထွက်ပြေးသွားတယ်။ ကျနော်တို့က ပြင်းပြင်းထန်ထန် ကျားထိုးပြီးမှ  ပစ်အားကောင်း ကောင်းနဲ့ ဝင်လိုက်တာဆိုတော့ ထွက်ပြေးသွားတဲ့အခြေနေမျိုးပါ။”လို့ ယောကာကွယ်ရေးတပ် YDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ကြပ်ကြီး သီဟအောင် အပါအဝင် ၃ ဦးသေဆုံးပြီး MA 3 ၂ လက်၊ ကျည်ဘောက် ၁၃ ခု၊ ကျည် ၃၄၃ တောင့်၊ အီကွေးမန့် ၄ ခု၊ ကျောပိုးအိတ် ၁ လုံး၊ ဖုန်း ၄ လုံး၊ power bank ၂ လုံး သိမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းနိုင်ခဲ့တဲ့ စခန်းကုန်းဟာ ဗိုလ်ကြီး ၂ ဦး၊ ခွဲတပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၅ ဦး၊ တပ်ကြပ် ၃ ဦး နေထိုင်ပြီး  အဆိုပါ စခန်းကုန်းဟာ ကပစ ၂၃ တခုလုံးရဲ့ လုံခြုံရေးယူပေးတဲ့ စိုးမိုးကုန်းဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ရက်ကလည်း ကျောက်ထုမြို့နယ်၊ စံတောင်အနီးမှာ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေကာ ၄ ဦးဒဏ်ရာရခဲ့ပြီး ကျည်ဆံတချို့ သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါခရိုင် #ကျောမြို့ #ကပစ၂၃ #ယောနကစစ်ကြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10