တပ်ချိန်းပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

တပ်ချိန်းပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ Well-2 ရေနံမြေစခန်းက‌နေ တပ်ချိန်းပြီးပြန်ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့တွေကို မိုင်း ၅ လုံးဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ ဆီက သိရပါတယ်။

အဆိုပါစခန်းမှ အင်အား ၇၀ ဝန်းကျင်ပါစစ်သား၊ ရဲနဲ့ ပျူစောထီးတွေက အင်အား ၂၀ လောက်စီခွဲပြီး တပ်ဖြန့်လာချိန် ကျွဲတွင်းရွာနဲ့ ဝါးရင်းချိုင်ရွာကြား ရောက်လာတဲ့အဖွဲ့ကို ဧပြီလ ၅ ရက်ဒီမနက် ၆ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။


“အင်အားကတော့ ဖြန့်လာတာ၊ ၂၀ ကျော်နဲ့ ၃ ဖွဲ့လောက်လာတာ၊ မိုင်း ၅ လုံးနဲ့ဆွဲပြီးတိုက်ခိုက်ခဲ့တာ၊ ပျူတကောင်နဲ့ တပ်က တကောင်ကတော့ ပွဲချင်းပြီးသေတယ်၊ ကျန်တဲ့ ၄ ကောင်က အပြင်းအထန်ဒဏ်ရာရတယ်၊ သူတို့ဘက်က ရမ်းသမ်းပြီးပစ်နေတာ၊ ကျနော်တို့ဘက်ကလည်း လက်လုပ်လက်နက်ကြီးတွေနဲ့ ပြန်ပစ်ကြတယ်” လို့ ပြောပါတယ်။

ဒီထိခိုက်သေဆုံးမှုတွေနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ခုတိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ ကိုင်းတောမရွာနဲ့ စက်မှု ၂ ဘက်က တပ်သားတွေနဲ့ တပ်ချိန်းပြီး ပြန်ထွက်လာချိန်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး၊ ပခုက္ကူအခြေစိုက် တမခ ၁၀၁ က ဖြစ်နိုင်တယ်လို့လည်း ကာကွယ်ရေးရဲဘော်တွေက ခန့်မှန်းထားပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် တပ်ရင်း ၁၊ တပ်ခွဲ ၁၊ တပ်စိပ် ၄ ၊ MUGDF နဲ့ ဇာမဏီပြောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်ကလည်း ရေစကြိုမြို့နယ်၊ မအူရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်အဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၂၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10