တပ်တွင်းဖရဲသီးအဖြစ် တော်လှန်ရေးကိုကူညီပေးခဲ့တဲ့ ရဲတပ်သား ၁ ဦးအပါ ၂ ဦး အလင်းဝင်

တပ်တွင်းဖရဲသီးအဖြစ် တော်လှန်ရေးကိုကူညီပေးခဲ့တဲ့ ရဲတပ်သား ၁ ဦးအပါ ၂ ဦး အလင်းဝင်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းက ရဲတပ်သား ၂ ဦး လက်နက်နဲ့အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ကျောင်းသားတပ်မတော် -ABSDF အမှတ် (၂) စစ်ကြောင်းဆီ အလင်းဝင်လာတယ်လို့ အဲ့ဒီတပ်ဖွဲ့ကတဆင့် သိရပါတယ်။

လုပ်သက် ၁၃ နှစ်ရှိ ရဲတပ်သား ကိုအောင်ကိုဆန်းနဲ့ လုပ်သက် ၃ နှစ်ရှိ ရဲတပ်သား ကိုရဲမင်းထွေးတို့က ပြီးခဲ့တဲ့ ဇူလိုင် တတိယပတ်မှာ အလင်းဝင်လာတာဖြစ်ပြီး သူတို့နဲ့အတူ M16 ၁ လက်၊ 5.56 ကျည် ၂၁၁ တောင့်၊ ကျည်ဘောက် ၂ ခု၊ လေယာဥ်အချက်ပြမီး ၃ ခု ပါလာတယ်လို့ ဆိုပါတယ်။

ရဲတပ်သား ကိုအောင်ကိုဆန်းဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေစဥ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လုပ်ငန်းစဥ်တချို့မှာ တပ်တွင်းဖရဲသီးအဖြစ် ကူညီပေးလုပ်ဆောင်ပေးခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

“စခန်းမသိမ်းခင် သူတို့ကို ကျနော်တို့ဘက် အရောက်ခေါ်ထားနိုင်တယ်။ (သူက)ဖရဲသီးလုပ်ပြီး ကူညီခဲ့တာတွေ အများကြီးရှိတယ်။ စစ်ပညာသင်တန်းတက်ဖို့ လမ်းကြောင်းတွေ၊ လက်နက်ခဲယမ်း ထောက်ပို့လမ်းကြောင်းတွေ၊ သတင်းအချက်လက်ပိုင်းရော သူတတ်နိုင်သမျှ အများကြီး ကူညီပေးခဲ့တယ်။”လို့ ABSDF အမှတ် ၂ စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဆိုပါ တပ်သား ၂ ဦးဟာ တွင်းငယ်ရဲစခန်းသိမ်းတိုက်ပွဲမဖြစ်ခင် အလင်းဝင်လာကြတာဖြစ်ပြီး အခုလက်ရှိ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

တွင်းငယ်ရဲစခန်းကို ABSDF၊ KIA၊ ရွှေကူ KPDF၊ တွင်းငယ် ပကဖ၊ အမှတ် ၅၀၉ တပ်ရင်း စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #သပိတ်ကျင်း #အလင်းဝင် #ရဲတပ်သား #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10