တပ်တွင်းဝေဖန်မှုတွေမြင့်တက်နေချိန် "ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးကြ” ဖို့ စစ်ခေါင်းဆောင်သတိပေး    ■ တပ်ပြင်စည်းရုံးရေးလည်း အထူးအလေးထားလုပ်ဆောင်ဖို့မှာကြား

တပ်တွင်းဝေဖန်မှုတွေမြင့်တက်နေချိန် "ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးကြ” ဖို့ စစ်ခေါင်းဆောင်သတိပေး ■ တပ်ပြင်စည်းရုံးရေးလည်း အထူးအလေးထားလုပ်ဆောင်ဖို့မှာကြား

 

"ဘယ်သူခွဲခွဲ ဒို့မကွဲအမြဲစည်းလုံးမည်" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း တပ်တွင်းစည်းလုံးညီညွတ်ရေးကို ခိုင်မာအောင်တည်ဆောက်ရမှာဖြစ်ပြီး တပ်တွင်းစည်းလုံးနေရင် ဘယ်သူမှဖြိုခွဲနိုင်မှာမဟုတ်ဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေးပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက် မနေ့က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အခြေစိုက် ဗိုလ်သင်တန်းကျောင်းမှာပြုလုပ်တဲ့ ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဥ် ၁၁ သင်တန်းဆင်းပွဲမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားတာပါ။  

" ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း တပ်မတော်သားများနဲ့မိသားစုဝင်များဟာ စုစည်းညီညွတ်ရန် အထူးလိုအပ်တယ်" လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

တပ်တွင်းစည်းလုံးရေးကို ခိုင်မာအောင်တည်ဆောက်တဲ့အပြင် တပ်ပြင်စည်းရုံးရေးကို တိုးမြှင့်ဆောင်ရွက်သွားကြရန်လိုကြောင်းနဲ့ အမျိုးသမီးအရာရှိအားလုံးကလည်း အလေးထားဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း စစ်ခေါင်းဆောင်က ဆိုပါတယ်။

ဒီဇင်ဘာလတတိယအပတ်အတွင်းမှာပဲ ရခိုင်ပြည်နယ်ကိုစစ်ရေးကွပ်ကဲနေတဲ့ အမ်းမြို့၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော်-AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း သိမ်းပိုက်ဖို့ မြို့ ၃ မြို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

နောက်ထပ် တိုင်းစစ်ဌာနချုပ်တခုလက်လွှတ်လိုက်ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံး၊ ပျောက်ဆုံး၊ လက်နက်ချအညံ့ခံရချိန် စစ်ခေါင်းဆောင်က နေပြည်တော်မှာပြုလုပ်တဲ့ အမျိုးသားအားကစားပွဲ တက်ရောက်ကြည့်ရှုနေတဲ့အပေါ်  စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်လူမှုကွန်ယက်တွေနဲ့ တပ်တွင်းမိသားစုဝင်တွေအကြားမှာ ဝေဖန်မှုတွေပြန်လည်မြင့်တက်နေတယ်လို့ တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

စစ်ကောင်စီတပ်ကထုတ်ပြန်လာတဲ့ ဘွဲ့ရအမျိုးသမီးသင်တန်းဆင်းပွဲမှာ သင်တန်းဆင်းအင်အား ၅၀ နီးပါးသာတွေ့ရပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ဗိုလ်လောင်းသင်တန်းအသီးသီးကို တက်ရောက်သူသိသိသာသာလျော့နည်းလာတယ်လို့ တပ်အသိုင်းအဝိုင်းက ဆိုပါတယ်။

#မြေလတ်အသံ

#ရန်ကုန် #မှော်ဘီ #အမျိုးသမီး‌ဗိုလ်လောင်းသင်တန်း #အာဏာသိမ်းစစ်ခေါင်းဆောင် # မိန့်ခွန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10