တပ်တွင်းအရှုပ်တော်ပုံကိစ္စတွေနဲ့ ဒု-စစ်ခေါင်းဆောင်စိုးဝင်း လာရောက်စစ်ဆေး၊ တိုင်းမှူးလာတယ်လို့သတင်းလွှင့်

တပ်တွင်းအရှုပ်တော်ပုံကိစ္စတွေနဲ့ ဒု-စစ်ခေါင်းဆောင်စိုးဝင်း လာရောက်စစ်ဆေး၊ တိုင်းမှူးလာတယ်လို့သတင်းလွှင့်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန်ရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် ၁ ခြေလျင်တပ်ရင်း (ခလရ ၁)တပ်နဲ့ အင်းမမြို့အခြေစိုက် တပ်မ ၆၆ ကို ဇွန်လ ၂၆ ရက် မနေ့က ဒု- စစ်ခေါင်းဆောင်စိုးဝင်း လာရောက်စစ် ဆေးခဲ့တယ်လို့ အဲ့ဒီတပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ခလရ ၁ တပ်အပါအဝင် တပ်မ ၆၆ နဲ့ လက်အောက်ခံတပ်တွေမှာ လက်ရှိကရင်နီနယ်မြေအတွင်းထိုးစစ်ဆင်နေရတာဖြစ်ပြီး၊ တပ်ရင်းမှူးအဆင့်အပါအဝင် အရာရှိ၊ စစ်သည်အများအပြားထိခိုက်ကျဆုံးနေတဲ့အပြင် ရှေ့တန်းစစ်စခန်းတွေက လက်အောက်ခံတပ်သားတွေ CDM ပြုလုပ်ဘက်ပြောင်းတာများလာတဲ့အတွက် လာရောက်တွေ့ဆုံစစ်ဆေးခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်ခလရ ၁ ယခင် တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကျော်ဇေယျကို တိုက်ပွဲကျဆုံးစေရန် နောက်တန်းတပ်ရင်းမှ တပ်ရင်းမှူးကတော် ဒေါ်ဝါဝါအောင်က လောကီအစီအရင်များဖြင့်ပြုလုပ်ခဲ့ပြီး လက်ရှိတပ်ရေးဗိုလ်ကြီးတာဝန်ယူထားသူနဲ့ လူမှုရေးဖောက်ပြန်မှုများရှိနေတဲ့ကိစ္စအတွက်လည်း လာရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

"မနေ့ညနေပိုင်း ပြည်ကအပြန် ဝင်လာတာ။ ခလရ (၁) ထဲ ညအိပ်တယ်လို့တောင်သိရတယ်။ ခုရက်ပိုင်း တပ်မ ၆၆ က လိုင်းပေါ်မှာသတင်းတွေ တအားပြန့်နေတာကြောင့် လာစစ်တာဖြစ်နိုင်တယ်။ ပြီးတော့ ၆၆ က ကရင်နီမှာကျတာရော၊ CDM ရော တအားများနေတာ၊ လုံးပါးပါးနေပြီ။ နောက်ပြီး တပ်ရင်းမှူးကတော်ကိစ္စလည်း ပါမယ်ထင်တယ်။ အခုအဲ့ဒီတပ်ထဲကို ဘယ်သူမှပေးမဝင်ဘူး'' လို့ ခလရ (၁) တပ်နဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒု-စစ်ခေါင်းဆောင်စိုးဝင်း မနေ့က ပြည်မြို့ကိုရောက်ရှိနေပြီး တပ်မ ၆၆ ကိုစစ်ဆေးနေတာကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်း  လာရောက်တယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းလွှင့်ထားတယ်လို့ သူကဆက်လက်ပြောပါတယ်။

ဒု-စစ်ခေါင်းဆောင်စိုးဝင်း အခုလိုလာရောက်စစ်ဆေးသွားလာတာတွေနဲ့ပတ်သက်လို့ ယခင်က စစ်တပ်ပိုင်မီဒီယာတွေက တရားဝင်သတင်းထုတ်ပြန်ပေမယ့် အခုလာရောက်တာကိုတော့ စစ်ကောင်စီဘက်က တရားဝင် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ဒီကနေ့နေ့လည်ပိုင်းအထိ  ရန်ကုန်-ပြည် လမ်းမတလျှောက်နဲ့ မင်းလှမြို့နယ်အတွင်းကို လုံခြုံရေးအပြည့်တိုးမြှင့်ထားပြီး စစ်ဆေးတာတွေတင်းကြပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10