တပ်ထောက်ခံသူနဲ့ ကြံ့ခိုင်ရေးတွေပါ ထိတ်လန့်ထွက်ပြေးနေရတဲ့ ပြည်သူ့စစ်ဂယက် (သတင်းဆောင်းပါး)

တပ်ထောက်ခံသူနဲ့ ကြံ့ခိုင်ရေးတွေပါ ထိတ်လန့်ထွက်ပြေးနေရတဲ့ ပြည်သူ့စစ်ဂယက် (သတင်းဆောင်းပါး)

 

တိုက်ပွဲအတွင်းအသေအဆုံးများပြီး စခန်းတွေအသိမ်းခံနေရတဲ့ စစ်ကောင်စီဟာ ၎င်းတို့ရဲ့ စစ်တပ်အင်အားကို ဖြည့်တင်းဖို့ ဇန်နဝါရီလဒုတိယအပတ်ကစပြီး ပဲခူးတိုင်းအနောက်ခြမ်းမှာ ပြည်သူ့စစ်စုဆောင်းတာ၊ ပျူစောထီး တပ်ဖွဲ့ဖို့ ကြိုးစားတာတွေ ဆက်တိုက်လုပ်လာတဲ့အခါ စစ်တပ်ထောက်ခံသူတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေဟာ ပြည်သူ့စစ်(ပျူစောထီး)ထဲ မဝင်ချင်လို့ ထွက်ပြေးတိမ်းရှောင်တာတွေပြုလုပ်နေကြတယ်လို့ ပဲခူးတိုင်းအနောက်ခြမ်းက ဒေသခံတွေက ပြောပါတယ်။ 

စစ်တပ်ထောက်ခံသူတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေဟာ နေအိမ်တွေထားပြီး ထွက်ပြေးတာ၊ ညဘက်တွေမှာ တောထဲမှာ အိပ်ပြီး ရှောင်တိမ်းကြတာ၊ တချို့လူငယ်တွေဟာ ခရီးသွားတယ်လို့ အကြောင်းပြပြီး နေအိမ်က ထွက်သွားကြတာတွေ ဆက်တိုက်ပြုလုပ်လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ကြံ့ခိုင်ရေးပါတီဝင်အင်အားကောင်းပြီး စစ်တပ်ထောက်ခံသူများတဲ့ ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်ထဲမှာ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်တွေက ပြည်သူ့စစ်ဖွဲ့ဖို့ ဒေသခံတွေကို ဇန်နဝါရီ ၁၂ ရက်မှစတင်ကာ စည်းရုံးစုဆောင်း နေတာလို့ ဒေသခံတဦးဆီက သိရပါတယ်။

ဇီးကုန်းမြို့နယ်မှာ စစ်တပ်က အခုလို ပြည်သူ့စစ်လူစုဆောင်းတာတွေလုပ်လာတဲ့အတွက် ပြည်သူ့စစ်ထဲ မဝင်လိုတဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ စစ်တပ်ထောက်ခံသူတွေ ထွက်ပြေးနေကြတာလို့ ဆိုပါတယ်။ 

"ပြည်သူ့စစ်ထဲ မဝင်ချင်လို့ ကြံ့ဖွတ်တွေ ထွက်ပြေးနေကြတယ်။ တအိမ်ကို အနည်းဆုံး ၃ သိန်းကနေ ၇ သိန်း အထိပေးရမယ်လို့ ခြိမ်းခြောက်တယ်။ မပေးရင် အိမ်ကိုချိပ်ပိတ်မယ်လို့ ပြောတယ်" လို့ ဇီးကုန်းမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

ဇီးကုန်းမြို့နယ်ထဲမှာ ပြည်သူ့စစ်ထဲ မဝင်ချင်တဲ့သူတွေကို စစ်ကောင်စီက တအိမ်ကို ကျပ် ၃ သိန်းမှ ၇ သိန်းအထိ အတင်းအဓမ္မငွေကြေးတောင်းခံတာတွေလည်း လုပ်နေကြတယ်လို့ ဆိုပါတယ်။ 

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က ဒုသမ္မတဖြစ်ခဲ့တဲ့ ဦးဥာဏ်ထွန်းဟာ ဇီးကုန်းမြို့နယ် မြောက်ဘက် မြောက်လွတ်ကုန်းရွာဇာတိဖြစ်ပြီး ပဲခူးတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးဥာဏ်ဝင်းကလည်း ဇီးကုန်းမြို့ အနောက်ဘက် သာပေါင်းရွာဇာတိ ဖြစ်ကြပါတယ်။ 

ဇီးကုန်းမြို့နယ်ဟာ ကြံ့ခိုင်ရေးပါတီဝင်နဲ့ စစ်တပ်ထောက်ခံတဲ့သူ များပြားတဲ့ မြို့နယ်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၄ နေရာစလုံးကို ကြံ့ခိုင်ရေးပါတီဝင်တွေက အနိုင်ရခဲ့တဲ့ မြို့နယ်ဖြစ်ပါတယ်။  

ဇီးကုန်းမြို့နယ်မှာ လူဦးရေးရဲ့ ၃ ပုံ ၁ ပုံခန့်ဟာ ကြံ့ခိုင်ရေးပါတီဝင်နဲ့ စစ်တပ်ထောက်ခံသူတွေဖြစ်ကြပေမယ့် အခုလို ပြည်သူ့စစ်ဖွဲ့တဲ့အခါမှာတော့ ပြည်သူ့စစ်ထဲ မဝင်လိုဘဲ ထွက်ပြေးနေကြတာပါ။ 

ဇီးကုန်းမြို့နယ်အတွင်းမှာ အခုလို ပြည်သူ့စစ်ဖွဲ့စည်းဖို့ကို မြို့နယ်အတွင်းရှိ မဘသဘုန်းကြီးတွေက ဖိအားပေး ဖွဲ့စည်းခိုင်းနေတာဖြစ်တယ်လို့လည်း ဇီးကုန်းဒေသခံတဦးက ပြောပါတယ်။ 

ဇီးကုန်းမြို့နယ်အတွင်းမှာ ပြည်သူ့စစ်ထဲဝင်ဖို့ စည်းရုံးနေတာတွေကြောင့် ပြည်သူတွေမှာ အိုးအိမ်နဲ့ အသက်အန္တရာယ်ထိခိုက်မှာ စိုးရိမ်နေကြသလို ရွာတရွာကို အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ လူ ၃၀ ခန့် တောင်းထားပြီး မဲနှိုက်နေရတဲ့ ကျေးရွာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အခုလို စစ်တပ်က ပြည်သူ့စစ်(ပျူစောထီး)ဖွဲ့စည်းရန် လူစာရင်းတောင်းတဲ့အခါမှာတော့ “ပြေးကုန်ကြတာ၊ ဘယ်သူမှ မလိုလားဘူး။ ဆဲဆိုနေကြတာ၊ အဖွားကြီး(ဒေါ်အောင်ဆန်းစုကြည်) ခေတ်ကမှ တော်သေးတယ်တဲ့” လို့ ကြံ့ခိုင်ရေးပါတီဝင်တွေ ပြောဆိုနေတာနဲ့ ပတ်သက်လို့ ပြည်သူ့စစ်ထဲဝင်ရန် စာရင်းပေးခံထားရတဲ့ ဒေသခံတဦးက ပြောပါတယ်။ 

ဇီးကုန်းမြို့နယ်ထဲက ကူဖြူကျေးရွာမှာ ဇန်နဝါရီ ၁၇ ရက်က ပြည်သူ့စစ်ထဲဝင်ရဖို့ မဲနှိုက်မှုတွေ လုပ်နေရပါတယ်။ 

"မဲမနှိုက်တဲ့ရွာကို PDF ရွာလို့ပြောတယ်။ တချို့ရွာတွေက မဲမနှိုက်ဘူးငြင်းလို့ အိမ်ချိပ်ပိတ်မယ်။ ရွာမီးရှို့မယ်လို့ ခြိမ်းခြောက်တယ်" လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

ဇီးကုန်းမြို့နယ်ထဲက ကြံ့ခိုင်ရေးပါတီထောက်ခံအားပေးသူများတဲ့ လယ်မကျေးရွာမှာတော့ အရင်ကတည်းက ပျူစောထီးသင်တန်းတက်ထားသူ အင်အား ၆၀ ခန့်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီပျူစောထီးသင်တန်းတက်ထားသူတွေဟာ ပြည်ခရိုင်၊ အင်းမနယ်အခြေစိုက် တပ်မ ၆၆ မှာ စစ်သင်တန်းတက်ကာ လက်နက်တပ်ဆင်ပေးထားတာဖြစ်ပြီး အခု ပြည်သူ့စစ်စုဆောင်းခံနေရသူတွေကိုလည်း အဲ့ဒီမှာပဲ စစ်သင်တန်း ၁၄ ရက်ပေးသွားမယ်လို့ သိရပါတယ်။ 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်အတွင်းက ကြံ့ခိုင်ရေးပါတီဝင်တွေပဲရှိတဲ့ ပေါင်းစပါးကျေးရွာမှာဆိုရင် ပြည်သူ့စစ်ထဲ မလိုက်လိုတဲ့အတွက် ညဘက်တွေမှာ တောတွေထဲ သွားအိပ်ကြရတယ်လို့ ပေါက်ခေါင်း မြို့ခံတဦးက ပြောပါတယ်။ 

ပေါင်းစပါးကျေးရွာဟာ ပေါက်ခေါင်းမြို့နဲ့ ၃ မိုင်အကွာအဝေးမှာရှိပြီး အဲ့ဒီဘက်ကကျေးရွာတွေဘက်ကို စစ်တပ်က ညဘက် အချိန်တွေမှာ မကြာခဏ ကင်းလှည့်တာတွေ လုပ်တတ်တယ်လို့ သူက ဆိုပါတယ်။ 

ဒါ့အပြင် ပေါက်ခေါင်းမြို့နယ်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက ပြည်သူ့စစ်အတွက် စာရင်းလိုက်ခံကောက်ခံတဲ့အခါ တချို့ဟာ ကားစီးလုံးငှားပြီး ခရီးထွက်တာမျိုးတွေလုပ်ပြီး တိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။

လက်ပံတန်းမြို့နယ်အတွင်းက ဒေသခံတဦးကလည်း ပဲခူးတိုင်းအတွင်း ပြည်သူ့စစ်စုဆောင်းနေကြတဲ့နေရာမှာ အုပ်ချုပ်ရေးမှူးတွေဟာ သူတို့နဲ့ ပုဂ္ဂိုလ်ရေး အဆင်မပြေသူတွေကို စာရင်းပေးကြပြီး စစ်တပ်ထောက်ခံသူတွေကို ထည့်သွင်းတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ 

“ပဲခူတိုင်း တတိုင်းလုံးကို အခုလိုခေါ် နေတာဗျ။ ကျွန်တော်ဖြစ်စေချင်တာက သူတို့ လူလိုလို့ ခေါ်တယ်ဗျာ။ စစ်တပ်ထောက်ခံသူတွေကို ခေါ်သွားလေဗျာ” လို့ သူက ဆက်ပြောပြပါတယ်။ 

လက်ပံတန်းမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေမှာ ပြည်သူ့စစ်စာရင်း လိုက်လံကောက်ခံနေကြတဲ့ ရဲနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ စစ်တပ်က ဖွင့်ထားတဲ့ကျောင်းမှာ တက်ရောက်နေကြတဲ့ လူငယ်တွေကိုသာ ခေါ်ယူသင့်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။ 

စစ်ကောင်စီဟာ ဇန်နဝါရီဒုတိယအပတ်ကစတင်ပြီး ပဲခူးတိုင်းအနောက်ခြမ်းက နတ်တလင်း၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ သဲကုန်း၊ ဇီးကုန်း၊ အုတ်ဖို၊ မင်းလှ၊ သာယာဝတီစတဲ့မြို့နယ်တွေအပါအဝင် ပဲခူးအရှေ့ခြမ်းက မြို့နယ်တွေမှာပါ ပြည်သူ့စစ်အင်အားစုဆောင်းတာ၊ ပျူစောထီးတပ်ဖွဲ့ ဖွဲ့စည်းတာတွေ လုပ်လာကြတာဖြစ်ပါတယ်။ 

ပဲခူးတိုင်းအနောက်ခြမ်းက ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက တရပ်ကွက် သို့မဟုတ် ကျေးရွာတရွာမှာရှိတဲ့ အသက် ၁၈ နှစ်မှ ၆၅ နှစ်အရွယ်တွေကို ပြည်သူ့စစ်အင်အားအဖြစ် စုဆောင်နေကြတာဖြစ်ပါတယ်။ 

ဒေသခံပြည်သူတွေကတော့ ပြည်သူ့စစ်ထဲ မဝင်လိုကြတာကြောင့် ပြည်သူ့စစ်ထဲဝင်ရဖို့ မဲနှိုက်ခိုင်းတဲ့နေရာမှာ မဲပေါက်ရင် မိသားစုဝင်တွေ ငိုကြွေးမူးလဲလို့ ဆေးရုံပို့ရတာတွေလည်းဖြစ်နေကြပါတယ်။ 

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ အောင်ပင်သာရွာမှာ ဇန်နဝါရီ ၁၅ ရက်က ပြည်သူ့စစ်ထဲ စာရင်းပေးခံရတဲ့ သားဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့ စကားများကြပြီး ဓားခုတ်မှုဖြစ်တဲ့အတွက် သားဖြစ်သူ သေဆုံးခဲ့ရပါသေးတယ်။ 

ယခုအခါ ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များမှာ မြို့နယ်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးခေါင်းဆောင်တွေ၊ စစ်သားနဲ့ ရဲတွေက ဒေသခံပြည်သူတွေကို ပြည်သူ့စစ်အဖွဲ့ထဲဝင်ဖို့နဲ့ ပျူစောထီးတပ်ဖွဲ့ ဖွဲ့စည်းဖို့ နည်းလမ်းမျိုးစုံသုံးကာ ခြိမ်းခြောက်စည်းရုံးနေကြပြီး ဒေသခံပြည်သူတွေဟာ စိုးရိမ်ထိန်လန့်နေကြတာပါ။ 

ဇန်နဝါရီ ၁၈ ရက်မှာ တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၁ စစ်ဒေသခွဲအနေဖြင့်လည်း စစ်ကောင်စီက ပြည်သူ့စစ် ဖွဲ့စည်းဖို့ ပြည်သူတွေကို အတင်းအဓမ္မ ခြိမ်းခြောက်တာတွေ ရပ်တန်းကရပ်ဖို့နဲ့ အဓမ္မလူစုဆောင်းပါက စစ်တပ် လက်ပါးစေတွေကို ပြင်းထန်စွာအရေးယူသွားမှာကို ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက အခုလို ပြည်သူ့စစ်အင်အားတွေတောင်းခံတာ၊ ပျူစောထီးတပ်တွေ ဖွဲ့စည်းဖို့ကြိုးစားနေတာကြောင့် ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ စစ်တပ်ထောက်ခံသူတွေအပါအဝင် ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြပေမယ့် တဖက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ထဲ ဝင်ရောက်လို၍ ချိတ်ဆက်လာသူတွေ အခုရက်ပိုင်း ပိုများလာနေတယ်လို့ ပဲခူးတိုင်းအနောက်ခြမ်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

အခုရက်ပိုင်းတွင် ပဲခူးတိုင်းအနောက်ခြမ်းက ကြို့ပင်ကောက်မြို့နယ် YOMA GBK PDF ထဲ ဝင်ရောက်သူ ၅ ဦး ရှိလာပြီး ထပ်မံကမ်းလှမ်းသူတွေရှိကာ နတ်တလင်းမြို့နယ်ထဲမှာလည်း PDF ထဲဝင်ဖို့ စကားကမ်းလှမ်းလာသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ YOMA GBK PDF ရဲ့ တပ်ခွဲမှူး ကိုကရင်လေးက ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်လာသူတွေဟာ လူလတ်ပိုင်းတွေများပြီး ဘာကြောင့် ဝင်ရောက်လာတယ်ဆိုတာကိုတော့ YOMA GBK PDF ရဲ့ တပ်ခွဲမှူး ကိုကရင်လေးက အခုလို ရှင်းပြပါတယ်။ 

“စစ်တပ်ထဲဝင်ရင် လူမုန်းများမယ့်အပြင် အသက်ရှင်မှာလည်း မဟုတ်ဘူး။ စစ်တပ်ထဲ ဝင်မယ့်အစား PDF ထဲဝင်ပြီး တိုင်းပြည်အတွက် အသက်ပေးဆပ်မယ်ဆိုပြီး ဝင်လာတာ“

#မြေလတ်အသံ

#ပဲခူးတိုင်း #ဇီးကုန်း #စစ်ကောင်စီ #ပြည်သူ့စစ် #ခြိမ်းခြောက် #အဓမ္မလူစုဆောင်း #မြေလတ်သတင်း #ပျူစောထီး #ပြည်သူ #ထွက်ပြေး #ကြံ့ခိုင်ရေးပါတီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10