တပ်ဖွဲ့ဝင်ချင်း လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်လို့ တိုင်ကြားခံရသူရဲဘော်ကို ဖမ်းဆီးစစ်ဆေးနေ

တပ်ဖွဲ့ဝင်ချင်း လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်လို့ တိုင်ကြားခံရသူရဲဘော်ကို ဖမ်းဆီးစစ်ဆေးနေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်ချင်း အဓမ္မကျူးလွန်ခဲ့တဲ့ ရဲဘော်ကို မြို့နယ် တာဝန်ရှိသူတွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ယင်းမာပင် တိုက်နယ် ၂ ပကဖ တာဝန်ရှိသူတဦးဆီက သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက် ညပိုင်းက ယင်းမာပင်မြို့နယ်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ (Local တပ်ဖွဲ့ )တာဝန်ခံတဦးက တပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်တဦးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တယ်လို့ နစ်နာသူအမျိုးသမီးရဲဘော်က တိုင်ကြားလာတာကြောင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ စခန်းမှာ စားသောက်ကြစဉ် အဖွဲ့ခေါင်းဆောင်ဖြစ်သူက တပ်ဖွဲ့ဝင်အမျိုသမီး သောက်တဲ့ ခေါင်ရည်ထဲကို အရက်ရောတိုက်ပြီး အမူးလွန်သွားတဲ့အချိန်မှာ ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဖြစ်စဥ်သိထားတဲ့ ယင်းမာပင်မြို့နယ် မြေပြင်သပိတ်လှုပ်ရှားသူ အမျိုးသမီးတဦးက ပြောပါတယ်။

“အားလုံးမူးကြတဲ့အချိန်မှာ တခြားရဲဘော်တွေကိုတော့ ခေါင်းဆောင်လုပ်တဲ့သူက အပြင်ကို ပ,ထုတ်လိုက်တယ်၊ နစ်နာတဲ့သူပဲ ကျန်ခဲ့တယ်ပေါ့၊ အဲ့ချိန်မှာ ဒီလိုမျိုး Rape Case က ဖြစ်သွားတယ်။” လို့ သူက ပြောပါတယ်။

ယင်းမာပင် တိုက်နယ် ၂ တာဝန်ရှိသူတွေက အဆိုပါ ရဲဘော်ကို ဖမ်းဆီးစစ်ဆေးချိန် အဓမ္မမှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထားပြီး လက်ရှိမှာတော့ ယင်းမာပင်မြို့နယ် ပလဖကို လွှဲအပ်ထားတယ်လို့ တိုက်နယ် ၂ ပကဖ တာဝန်ရှိသူ တဦးက ပြောပါတယ်။

ကျူးလွန်တယ်လို့ စွပ်စွဲခံရသူရဲဘော်ကို လက်ရှိ ယင်းမာပင်မြို့နယ် ပလဖရဲ့ အချုပ်ထောင်မှာ ဖမ်းဆီးထားပြီး အမှုကို တရားရုံးတင်နိုင်ဖို့ နစ်နာသူအမျိုးသမီးကို ချိတ်ဆက်နေပေမယ့် ဒီကနေ့ထိ ဆက်သွယ်လို့မရတာကြောင့် တရားရုံးတင်တဲ့လုပ်ငန်းစဥ်က ဆက်လုပ်လို့ မရသေးဘူးလို့ ယင်းမာပင်မြို့နယ်၊ ပလဖဒုတာဝန်ခံက ပြောပါတယ်။ 

“ဆက်သွယ်လို့ မရသေးတော့ အမှုကို တရားမစွဲတင်နိုင်သေးဘူး။ တရားရုံးကိုတော့ ကျနော်တို့ အကြောင်း ကြားထားတယ်။ တရားလိုက ဆက်သွယ်မရသေးလို့မို့ မတင်သေးတာပါဆိုပြီးတော့၊ (တရားစွဲတင်ဖို့က) တင်ရုံရှိတော့တာ၊ အခုဟာက သူက ချိတ်ဆက်မရတော့ကျ ကျနော်တို့က လုပ်ရလေးခက်နေတာပါ။” လို့ သူက ရှင်းပြပါတယ်။ 

အဲဒီ ဖမ်းဆီးခံထားရတဲ့ ရဲဘော်ဟာ ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းက အချုပ်ထောင်ကနေ ထွက်ပြေးသွားတာ ကြောင့် နေ့တွင်းချင်း ပြန်ဖမ်းခဲ့ရသေးတယ်လို့လည်း သိရပါတယ်။

“တရားခံရဲ့မိန်းမက မနက်ပိုင်းမှာ ဧည့်တွေ့ချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လာ‌ခေါ်ထုတ်တယ်၊ ခဏနေတော့ လင်မယားနှစ်ယောက်လုံး ထွက်ပြေးသွားကြတာ။ အဲ့ဒီနေ့ ညနေပိုင်းမှာပဲ ပြန်ဖမ်းဆီးနိုင်ခဲ့တယ်။” လို့ ယင်းမာပင် တိုက်နယ်၂ ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိမှာတော့ အဓမ္မမှုကျူးလွန်ခဲ့တဲ့ ဒေသခံတပ်ဖွဲ့ကို သူတို့ စခန်းချရာကျေးရွာက လက်မခံတော့တာကြောင့် ပြောင်းရွှေ့သွားရပြီး ဘယ်ကို ပြောင်းရွှေ့သွားလဲဆိုတာ မသိရဘူးလို့ ဒေသခံဆီက သိရပါတယ်။

သတင်း -‌ ကျော်စွာ၊ ချယ်ရီ၊ စာတည်း - JCG

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့ #မုဒိမ်း #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10