တပ်မ ၃၃ စစ်ကြောင်း ၂ရက်ဆက်တိုက် တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက ကျေးရွာတွေကို မီးရှို့နေတဲ့ တပ်မ ၃၃ စစ်ကြောင်းကို နယ်မြေခံကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ၂ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

ဇူလိုင် ၆ရက် ၆နာရီခွဲက မအူပင်ကျေးရွာကိုမီးရှို့ပြီး မကျီးကန်ကျေးရွာဘက်ကို ဆက်လက်ထွက်ခွာလာတဲ့ အင်အား ၆၀ ပါစစ်ကြောင်းကို  ၆၀မမ၊ ၈၀မမ ၈လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေနားကို ကျရောက်ပေါက်ကွဲခဲ့ကာ ထိခိုက်သေဆုံးကတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ DK PDF MMU က ဆိုပါတယ်။

 

နောက်တနေ့ ဇူလိုင် ၇ရက် ညနေ ၃နာရီမှာတော့ အဆိုပါစစ်ကြောင်းက ဂုံညင်းဆိပ်ရွာကို ဆက်လက်ဝင်ရောက်လာကာ ရွာလုံးကျွတ်နီးပါး မီးရှို့နေလို့  ရွာရဲ့တဖက်ကမ်းကနေ  ၆၀ မမ ၁၁လုံးနဲ့  တိုက်ခိုက်ခဲ့တယ်လို့  တိုက်နယ်စွန် PDF ကတဆင့် သိရပါတယ်။

 

“စစ်ကြောင်းက နေ့လယ်မှာ  ရွာကို မီးစရှို့တယ်၊ နယ်မြေခံ ကာကွယ်ရေးတပ်ကို ဖုန်းဆက်မေးတဲ့အခါ ရွာလုံးကျွတ်နီးပါးလောက် မီးရှို့ခံလိုက်ရတယ်ဆိုလို့ ရွာတဖက်ကမ်းက ပကဖကို အကူအညီတောင်းပြီး ရွာနဲ့မျက်နှာချင်းဆိုင် ရေဆိပ်ကနေ ပစ်ခဲ့တာ”လို့  ဒုတာဝန်ခံ စွန်နက်က ပြောပါတယ်။

 

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ဦးသေဆုံးခဲ့တာကို Droneနဲ့ကြည့်ကာ အတည်ပြုနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

 

ဂုံညင်းဆိပ်ရွာဟာ အိမ်ခြေ ၄၀၀ ရှိတဲ့ ရွာကြီးဖြစ်ပြီး ဇူလိုင် ၇ရက် တရက်တည်း ၃ကြိမ်ဆက်တိုက် မီးရှို့ခံလိုက်ရတာကြောင့် အိမ်ခြေ ၃၀၀ နီးပါး မီးထဲပါသွားခဲ့ပြီး အဆိုပါ စစ်ကြောင်းကတော့ ရွာသာကြီးဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

 

#မြေလတ်အသံ 

#မြင်းမူ  #တပ်မ၃၃ #တိုက်ခိုက်ခံရ #စစ်ကောင်စီ  #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10