တပ်မ ၈၈ တပ်တွေ လိုင်ဇာမှာပိတ်မိနေလို့ မကွေးမြို့က နောက်တန်းတပ်ရင်းတွေကို တနေကုန်ပရိတ်၊ ပဌာန်းရွတ်ဆုတောင်းခိုင်း (ရုပ်/သံ)

မကွေးမြို့အခြေစိုက် အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်းတွေက စစ်ကောင်စီတပ်မိသားစုဝင်တွေ တနေကုန်ပရိတ်၊ ပဌာန်းရွတ်ဆုတောင်းနေရတယ်လို့ တပ်မ ၈၈ နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ကချင်လွတ်မြောက်ရေးတပ် KIA ရဲ့ ၀၃၀၇ စစ်ဆင်ရေးစတင်ပြီးနောက် လိုင်ဇာမှာ တိုက်ပွဲတွေပြင်းထန်နေပြီး တပ်မ ၈၈ နဲ့လက်အောက်တပ်တွေထိုင်ထားတဲ့ တပ်စခန်းတွေ ဆက်တိုက်ဆိုသလို သိမ်းပိုက်ခံနေရတာပါ။

“ သူတို့ တပ်မ(၈၈)က တပ်တွေ လိုင်ဇာကနေ ဆုတ်ပေးရင်းပိတ်မိနေလို့တဲ့ တပ်မိသားစုတွေကို အကုန်ဓမ္မာရုံထဲမှာ တနေကုန်ဝတ်ရွတ်ဆုတောင်းခိုင်းနေတာ။ အသေအပျောက်တွေလည်း ရှိမယ်ထင်တယ်”လို့ တပ်မ ၈၈ နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

မကွေးမြို့ပေါ်မှာ တပ်မ ၈၈ ဌာနချုပ်နဲ့ ခမရ ၃၀၁ ၊ ၃၁၇ စတဲ့ တပ်ရင်းတွေတည်ရှိတာဖြစ်ပြီး အဲ့ဒီတပ်တွေမှာ ပရိတ်၊ ပဌာန်းတွေရွတ်ကာ ဆုတောင်းနေကြတာလို့ သိရပါတယ်။

တပ်မ ၈၈ နဲ့လက်အောက်ခံတပ်တွေဟာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးတပ်စခန်းတွေမှာ တိုက်ခိုက်ရေးဝင်ရောက်နေရတာ ၂ နှစ်နီးပါးခန့်ရှိပြီ ဖြစ်ပြီး တပ်မမှူးက ဗိုလ်မှူးချုပ် အောင်ဟိန်းဝင်း ဖြစ်ပါတယ်။

KIA နဲ့ပူးပေါင်းတပ်တွေရဲ့ ၀၃၀၇ စစ်ဆင်ရေးအတွင်း ယမန်နေ့အထိ လိုင်ဇာဒေသတဝိုက်ရှိတပ်စခန်း အားလုံးနီးပါးကို သိမ်းပိုက်ထားနိုင်ကြောင်း မြေပြင်တပ်ဖွဲ့တွေနဲ့နီးစပ်သူတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ၎င်းတို့စစ်တပ်အရေးနိမ့်ချိန်တွေမှာ သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့တွေကို ယတြာချေခိုင်းတာတွေ ညွှန်ကြားလုပ်ဆောင်လေ့ရှိပြီး ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ နိုဝင်ဘာလအတွင်းမှာလည်း မဟာသမယသုတ်နဲ့ ပရိတ်ကြီး ၁၁ သုတ်ကို ၁ ရက် ၉ ခေါက်နဲ့ ၉ ရက်တိတိရွတ်ဖတ်စေပြီး မရွတ်ဖတ်မီ ကျောက်ကျော ၃ တုံး၊ ဘရာကြော် ၃ ခု နဲ့ မုန့်လုံးရေပေါ် ၃ လုံးစီထည့်ထားတဲ့ ပန်းကန် ၁၀၈ ချပ်ကို  ဘုရားထံကပ်လှူပူဇော်ခိုင်းတဲ့ ယတြာလုပ်ဆောင်ကြဖို့ ကြေးနန်းစာပို့ ညွှန်ကြားခဲ့ပါသေးတယ်။

#မြေလတ်အသံ

#မကွေး #တပ်မ၈၈ #လိုင်ဇာ #KIA #စခန်းသိမ်း #တိုက်ပွဲ #ပိတ်မိနေ #ပရိတ်ရွတ်ခိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10