တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး ကချင်တိုက်ပွဲမှာ သေဆုံး၊ တပ်မ ၈၈ လက်အောက်ခံတပ်တပ်တွေမှာ နာရေးအိမ်တွေများနေ (ရုပ်/သံ)

 

 

ကချင်ပြည်နယ်အတွင်း တိုက်ခိုက်ရေးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၈၈ ခြေမြန်တပ်မဌာ နချုပ်(တမခ ၈၈) တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး မိုးမောက်မြို့နယ်အတွင်းတိုက်ပွဲမှာ သေဆုံးသွားတယ်လို့ တပ်မ ၈၈ နဲ့နီးစပ်တဲ့ မကွေးမြို့ခံတွေဆီက သိရပါတယ်။

“ တပ်မမှူး ကျသွားတာတော့ ဟုတ်တယ်။ တိုးတိုးတိတ်တိတ်ပဲ ပြောရဲကြတယ် “ လို့ တပ်မ ၈၈ နဲ့နီးစပ် တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

တပ်မ ၈၈ တပ်မမှူးပါဝင်တဲ့စစ်ကြောင်းဟာ လိုင်ဇာမြို့အနီး၊ ဘွမ်ရယ်ဘွမ်စခန်းကနေ ထွက်ပြေးလာစဉ် မတ် ၂၉ ရက် ညနေပိုင်းမှာ မိုးမောက်မြို့နယ်၊ မန်နောင်ဒေသအနီးပတ်ဝန်းကျင်မှာ KIA တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားရာက တိုက်ပွဲအတွင်းသေဆုံးခဲ့တာလို့ KIA နဲ့နီးစပ်တဲ့ PDFသတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ဆင်း တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦးဟာ ၂၀၂၃ မှာ တပ်မ ၈၈ ကို တပ်မမှူး အဖြစ်ရောက်ရှိလာသူဖြစ်ပြီး ဇနီးဖြစ်သူမှာ ဒေါ်ခင်သန္တာဦး ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ် ၂၆ ရက်က ဗန်းမော်မြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ တပ်မ ၈၈ နဲ့ လက်အောက်တပ်တွေ ထိခိုက်သေဆုံးများပြားခဲ့လို့ မကွေးမြို့အခြေစိုက် ခမရ ၃၁၇ တပ်အတွင်းမှာ နာရေးအိမ်တွေ များပြားနေတယ်လို့ အထက်ပါ တပ်မ ၈၈ သတင်းရင်းမြစ်က ပြောပါတယ်။

“ ဗန်းမော်နဲ့ မိုးမောက်အစပ်မှာဖြစ်တဲ့တိုက်ပွဲတွေမှာ အကျများတယ်လို့သိရတယ်။ ပျောက်နေတာတွေရော၊ အဖမ်းခံရတာရော များတယ်တဲ့။ ၃၁၇ တပ်ထဲမှာတင် အသုဘအိမ် ၁၀ ခုကျော်လောက်ဖြစ်နေတာ ။ နာရေးရက်လည်ပြီးတာ ရက်ပိုင်းပဲ ရှိသေးတယ်” လို့ သူက ဆိုပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ ကချင်ပြည်နယ် ၀၃၀၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းအများအပြားသိမ်းပိုက်ရရှိထားပြီး လိုင်ဇာမြို့နဲ့အနီးတဝိုက်စခန်းတွေမှာ တိုက်ခိုက်ရေးဝင်ရောက်နေတဲ့ တပ်မ ၈၈ နဲ့ လက်အောက်တပ်တွေ အထိနာ သေဆုံးမှုများနေကာ တပ်မမှူးအဆင့်အထိ သေဆုံးမှု ရှိနေတာလည်း ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#တပ်မ၈၈ #တပ်မမှူး #သေဆုံး #ကချင် #KIA #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10