တပ်မ ၁၀၁ ပခုက္ကူကို ရှော့တိုက်ဒုံး ၅လုံးနဲ့ တိုက်ခိုက်ခံရ(ရုပ်/သံ)

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံးနဲ့ မေလ ၁၉ ရက် နေ့လယ် ၁၁ နာရီမှာ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်တယ်လို့ King Fighter အဖွဲ့မှ တာဝန်ခံက ပြောပါတယ်။

အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၃လုံးဟာ တပ်ဝန်းအတွင်းကိုကျ ရောက်ပေါက်ကွဲခဲ့ပြီး ကျန်အလုံးတွေက မပေါက်ကွဲတာနဲ့ တပ်ဝန်းအတွင်းမရောက်ခင် လေပေါ်မှာ ကွဲတာတွေ ဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။


"တပ်မဌာနချုပ်ဝန်းက တော်တော်ကျယ်တယ်။ ပစ်တာကလည်း လက်လုပ်တွေနဲ့ဆိုတော့ ၃ လုံးပဲ ကျပေါက်ကွဲတာရှိတယ်။ ကျရောက်ပေါက်ကွဲမှုအခြေနေကို ဖရဲသီးအချို့ပြန်ပြောပြချက်အရ သိရတယ်။ စကစ တပ်ရဲ့ ထုံးစံအရ လူသေဆုံးရင် သတင်းဖုံးလို့ အခြေနေအသေးစိတ်ကိုတော့ မသိရဘူး"လို့ ပြောပါတယ်။

တပ်တွင်း ကျရောက်ပေါက်ကွဲတဲ့ ရှော့တိုက်ဒုံး ၃ လုံးဟာ ၂၅၁ တပ်ရင်း အရာရှိအဆောင်ပေါ် တလုံး၊ တပ်မ ၁၀၁ လက်နက်တိုက် အနီး ပေ ၁၀၀ ခန့်မှာ တလုံး၊ တပ်မ ၁၀၁ အရန် တပ်ဝန်းထဲကို တလုံးကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အခြေနေအသေးစိတ်ကို မသိရသေးဘဲ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးတာရှိတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရပြီးနောက်မှာတော့ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်အတွင်းက စစ်ကောင်စီအင်အား ၃၀ ကျော်လောက်ဟာ ကား ၅ စီးနဲ့ ထွက်လာပြီး အင်ပင်ရွာ၊ ကင်းရွာနဲ့ ခြောက်ကန်ရွာဘက်တွေကို ကင်းလှည့်တာလောက်ပဲရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ (၁)၊ Pakokku Special Guerrilla Force(ပကဖ-PSGF)၊ Pakokku Special Task Force (ပကဖPSTF)၊ King Fighter၊ Pku North Pdf၊‌ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့(မြိုင်)နဲ့ UURFအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မေလ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်မှာ ပခုက္ကူမြို့နယ်နဲ့ ကမ္မမြို့နယ်အကြားရှိ ရှင်မကန်ကျေးရွာကထွက်လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် ၄ ဦးသေဆုံးခဲ့ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ
#ရှော့တိုက်ဒုံး #ပခုက္ကူမြို့ #မကွေး #တပ်မ၁၀၁

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10