တပ်သားချင်း စိတ်ဆိုးပြီး စခန်းကထွက်လာတဲ့ ရဲတဦး PDF တွေ လက်ထဲမှာပျော်နေ (ရုပ်/သံ)

သီတင်းကျွတ်မှာ မင်္ဂလာဆောင်ဖို့ စက်တင်ဘာ ၂၄ ရက်က ယောက္ခမလောင်းနဲ့ ဖုန်းဆက်တိုင်ပင်ချိန်မှာ အဆင်မပြေဖြစ်ခဲ့တဲ့အပြင် ဇနီးလောင်းကိုပါ တပ်သားအချင်းချင်းက ချိုးနှိမ်ပြီးပြောဆိုတာတွေရှိခဲ့လို့ ရဲတပ်သား ရီဝေယံတယောက်ဟာ စိတ်ပေါက်ပေါက်နဲ့ ရောက်ချင်ရာရောက်ဆိုပြီး သူနေထိုင်ရာ ပခုက္ကူမြို့နယ် ကျပ်ထိုးရဲစခန်းကနေ PDF တွေရှိရာ ကမ္မမြို့ဘက်ကို ဦးတည်ထွက်လာခဲ့ပါတယ်။ 

PDF တွေက သေနတ်နဲ့ ပစ်ရင်လည်း ပစ်ပါစေလို့တွေးရင်း ကိုယ့်ကိုယ့်ကို သေလူအဖြစ်မှတ်ယူပြီး ရဲစခန်းကနေ အရပ်ဝတ်နဲ့တယောက်တည်း ထွက်လာတဲ့ ရဲတပ်သား ရီဝေယံကို PDF တွေက ဖမ်းဆီးခဲ့ပါတယ်။ 

အသက် ၂၃ နှစ်အရွယ် ရဲတပ်သားရီဝေယံဟာ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျပ်ထိုးနယ်မြေရဲစခန်းက ထမင်းချက်တာဝန်ထမ်းဆောင်နေသူပါ။

သူ့ကို စက်တင်ဘာ ၂၆ ရက်ကတည်းက ဖမ်းမိခဲ့တာဖြစ်ပေမယ့် အကြောင်းအမျိုးအမျိုးကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်ကမှ ပခုက္ကူပကဖက သတင်းထုတ်ပြန်ခဲ့တာပါ။

ဖမ်းမိစဥ်ကတည်းက လက်ရှိအချိန်အထိ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းခံရပြီး ထိတ်တုံးခတ်ခံထားရတာကလွဲရင် ကျန်တဲ့ဘာနှိပ်စက်ညှင်းပန်းတာမျိုးမှ မရှိဘဲ တန်းတူစားသောက်နေထိုင်ရတယ်လို့ ဆိုပါတယ်။

သူဖမ်းခံရချိန်မှာ သူနဲ့အတူ BA 63 (G 3) သေနတ် ၁လက်၊ ကျည်ဘောက် ၂ ခုနဲ့ ၇.၆၂ ကျည် အတောင့် ၇၀ ခန့် ပါလာခဲ့ပါတယ်။ 

အဖမ်းမခံရခင်ကတည်းက PDF တွေ ပစ်သတ်ရင်သေဖို့ ဆုံးဖြတ်ထားတဲ့ တပ်သားရီဝေယံဟာ သူ့ကိုယ်သူ သေလူလို့ သတ်မှတ်ထားပေမယ့် သူအထင်နဲ့အမြင် လွဲသွားခဲ့တယ်လို့ဆိုပါတယ်။

ကျပ်ထိုးနယ်မြေရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေ ခဏခဏ လာတိုက်ခိုက်နေပေမယ့်လည်း  စစ်ကူလာပေးတာမျိုးမရှိဘဲ ကိုယ်ဖြစ်ကိုယ်ခံသဘောမျိုးပစ်ထားခံရတာကြောင့် ကျန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း မိမိ အသက်ရှင်သန်ရေးအတွက် စဥ်းစားစေချင်တယ်လို့ PDF တွေ လက်ထဲမှာ ပျော်နေပြီဖြစ်တဲ့ ရဲတပ်သား ရီဝေယံက ဆိုပါတယ်။

သူဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီးကတည်းက PDF တွေရဲ့အစီအစဥ်အတိုင်း လိုက်နာနေထိုင်ပြီး ရှေ့ဆက်လည်း သူတို့အစီအစဥ်တိုင်းပဲ ဆက်ပြီးနေထိုင်သွားမယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ရုပ်သံ #ရဲတပ်သား #ဖမ်းဆီးထိန်းသိမ်း #PDF #သုံ့ပန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10